Wednesday, September 11, 2013

Apple Events 2013 မှတ်စု

Cupertino ရှိ Apple Campus မှာ ကျင်းပပြုလုပ်တဲ့ "Apple Events" ကို စက်တင်ဘာလ (၁၀)ရက် U.S စံတော်ချိန် နံနက် ၁၀နာရီ တိတိမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ဟာ ၁၀နာရီ တိတိမှာ စင်မြင့်ထက်သို့ တက်လာရင်း "Thank you very much for joining us" ဆိုတဲ့ စကားနဲ့ စတင် နှုတ်ဆက်လိုက်ပါတယ်။ ဒီနေ့ပွဲမှာ မိတ်ဆက်စရာတွေက အများကြီးမို့ သူဟာ အချိန်မဆွဲတော့ပဲ အကြောင်းအရာတွေကို ခပ်မြန်မြန်ပဲ စတင်လိုက်ပါတယ်။



iTunes Festival
ပထမဆုံး မိတ်ဆက်လိုက်တာကတော့ မကြာသေးမီကမှ အသစ်ထွက်လာတဲ့ Apple ရဲ့ App တစ်ခုဖြစ်တဲ့ "iTunes Festival" အကြောင်းပဲ ဖြစ်ပါတယ်။
Apple က ကြီးမှူးကျင်းပသော လန်ဒန်မြို့ရဲ့ ညပေါင်း (၃၀) ကမ္ဘာကျော်များရဲ့ ဂီတဖျော်ဖြေပွဲ Live Show များကို iPhones, iPads, iPodTouch, Apple TV, Mac, PC တို့မှ တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ပထမဦဆုံးပွဲကို Lady Ga Ga က သူ့ရဲ့ မထွက်ရသေးတဲ့ Album အသစ်ထဲက သီချင်းတွေနဲ့ ဖျော်ဖြေမှုကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းဖျော်ဖြေပွဲများကို Apple မှ လက်မှတ်များကို အခမဲ့ ပေးခဲ့ပြီး ထိုလက်မှတ်များကို လျှောက်ထားသူပေါင်း သန်း(၂၀) ရှိခဲ့ပါတယ်။


ကမ္ဘာကျော် အဆိုတော်ကြီးများ ဖြစ်ကြတဲ့ Elton John, Justin Timberlake အစရှိသူမျာရဲ့ ဖျော်ဖြေမှုများလည်း အလှည့်ကျ ပါဝင်လာမှာ ဖြစ်ပြီး ထိုဖျော်ဖြေမှုများကို နိုင်ငံပေါင်း (၁၀၀)ကျော်မှ "iTunes Festival" App နှင့် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း ပြောကြားပြီး Lady Ga Ga ရဲ့ ဖျော်ဖြေမှု အနည်းငယ်ကို ပြသခဲ့ပါတယ်။



Retail Store
အဲဒီနောက် Stanford ရှိ Apple လက်လီဆိုင်ဟာ ကျဉ်းနေတဲ့အတွက် အခုဆိုရင် အစားထိုးတိုးချဲ့လိုက်ပြီး ဒီဇိုင်းအသစ်နဲ့ ခမ်းခမ်းနားနား ပတ်လည်မှန်များဖြင့် အဆင့်မြှင့် ပြန်လည် ပြင်ဆင်ထားပါတယ်၊ အရောင်းနေရာနဲ့ service အခန်းပါ ဆင်သင့် ဖြစ်နေပြီဆိုတာ ပြသသွားခဲ့ပါတယ်။




iOS 7
ယခုလအတွင်းမှာ iOS 7 ကို ပြီးပြည့်စုံအောင် အချောသပ်နိုင်ဖို့ ကြိုးစားခဲ့ကြပြီး နောက်လထဲမှာတော့ iOS device သန်း ၇၀၀ အတွက် ထုတ်ပေးတော့မယ်လို့ အစချီပြီး iOS 7 ဟာ ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး OS တစ်ခု ဖြစ်လာမယ်လို့ ပြောကြားပြီး Craig Federighi ကို iOS 7 အကြောင်းပြောပြဖို့ စင်ပေါ်ခေါ်လိုက်ပါတယ်။

Craig Federighi က iOS 7 ရဲ့ လုပ်ဆောင်မှုအသစ်တွေကို တစ်ခုခြင်း ရှင်းပြသွားခဲ့ပါတယ်။ သေချာတာကတော့ iOS 7 ရဲ့ အသွင်အပြင်များ အားလုံးဟာ လုံဝကို ပြောင်းလဲသွားပြီး ပိုမိုကောင်းမွန်တဲ့ လက္ခဏာ အသွင်ကို ဆောင်နေပါတယ်။ iOS 7 ကို iPhone 4 နှင့် အထက်၊ iPad 2 နှင့် အထက်၊ iPad Mini ၊ iPod Touch 5th Generation တို့မှာ သွင်းလို့ရနိုင်ပါမယ်။


64-bit
iOS 7 ကို 64-bit နှင့် လိုက်လျောညီထွေစွာ အလုပ်လုပ်နိုင်ရန် ပြန်လည် မွမ်းမံထားပြီး Apple ရဲ့ App တွေကလည်း 64-bit ဖြစ်လာပါလိမ့်မယ်။ Developer များအတွက် Xcode ကိုလည်း 64-bit အဖြစ်ပြင်ဆင်ထားပြီး လွယ်လွယ်ကူကူ upgrade လုပ်နိုင်ပါလိမ့်မယ်။ iPhone 5S အနေနှင့် 32-bit App အဟောင်းများကိုလည်း အသုံးပြုနိုင်ပါတယ်။



iWork
Tim Cook က စင်ပေါ် ပြန်လည်တက်လာပြီး "iWork" ဆိုတဲ့ App အကြောင်းပြောပါတယ်။ "iWork" ထဲမှာပါရှိတဲ့ Keynote, Pages, Numbers ဆိုတဲ့ App တွေအကြောင်း ခြုံငုံပြောကြားခဲ့ပါတယ်။ ဖန်တီးနိုင်စွမ်းရှိတဲ့ iPhoto, iMovie တို့ရဲ့ လုပ်ဆောင်ချက်တွေကို slide show နှင့် ပြောပြခဲ့ပြီး အခုလို အရမ်းအသုံးဝင်တဲ့ Apps တွေကို Apple ရဲ့ customer တွေအနေနဲ့ လိုချင်ကြမှာ ဖြစ်လို့ iOS အသစ် သွင်းထားတဲ့ မည်သည့် Device အတွက်မဆို အဲဒီ App (၅)ခုကို "Free" သွင်းယူခွင့် ပေးလိုက်ပါပြီတဲ့။


အဲဒီနောက်မှာတော့ အားလုံးမျှော်လင့်နေကြတဲ့ iPhone အကြောင်းကို ဆက်ပြောပါတယ်၊ iPhone 5 ရဲ့ အောင်မြင်မှုနဲ့ ရောင်းအားတက်လာမှုကို ပြသပါတယ်။ "အရင်တုန်းကတော့ ကျွန်တော်တို့ iPhone အသစ်ကို မိတ်ဆက်လိုက်ပြီ ဆိုတာနဲ့ အဟောင်းတွေကို ဈေးလျှော့ချပေးခဲ့ပါတယ်၊ ဒီနှစ်တော့ အဲဒီလို မလုပ်တော့ပါဘူး" "ယခုနှစ်မှာတော့ iPhone 5 နေရာကို အစားဝင်မယ့် ဖုန်းအကြောင်း ပြောချင်ပါတယ်" "ဒါပေမယ့် တစ်မျိုးထဲ မဟုတ်ပါဘူး၊ ဒီဇိုင်း နှစ်မျိုးနဲ့ပါ"

iPhone အသစ်တွေ မိတ်ဆက်ဖို့ Phil Schiller စင်ပေါ်တက်လာပါတယ်။

iPhone 5C
"iPhone 5 ရဲ့ နည်းပညာအတိုင်းပဲ ထုတ်လုပ်ထားပြီ အရောင်စုံစုံနဲ့ ပျော်စရာကောင်းပါတယ်" "လူအချို့ ကတော့ web မှာ မြင်ဖူးထားပြီးသား ဖြစ်နိုင်ပါတယ်၊ အားလုံးက ဒီအတွက် စိတ်လှုပ်ရှားနေကြပါတယ်"

အဲဒီနောက် video ပြသရာမှာ ရွန်းစိုနေတဲ့ စိမ်း၊ ဖြူ၊ ပြာ၊ ပန်း၊ ဝါ ရောင်စုံနဲ့ iPhone 5C ကို မြင်တွေ့ရပါတယ်။


"ကြည့်လိုက်ရင် ပလပ်စတစ်နဲ့ လုပ်ထားမှန်း သိပေမယ့် အပေါစားပုံတော့ မပေါက်ပါဘူး" "ဖုန်းရဲ့ အနောက်ဖက်ခြမ်း တစ်ခုလုံးကို ဆက်ထားတာမျိုး မရှိပဲ အစိတ်အပိုင်း တစ်ခုထဲနဲ့ ပြီးပြည့်စုံအောင် လုပ်ထားပါတယ်" "ပလပ်စတစ် iPhone 5 ဆိုပါတော့ ဒါကလည်း ဘာမှတော့ အပြစ်ပြောစရာမရှိပါဘူး"


Apple က iPhone များအတွက် နူးညံ့တဲ့ အထိအတွေ့မျိုး ခံစားစေမယ့် ဆီလီကွန်ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကာဗာအိမ် တွေကိုလည်း ဖန်တီး ထုတ်လုပ်ထားပါတယ်။ အနောက်ဖက်မှာ အဝိုင်းပေါက်လေးတွေ ဖောက်ထားခြင်းက အတွင်းက ဖုန်းရဲ့ မူရင်းအရောင်ကို မြင်တွေ့စေနိုင်ဖို့ပါ။ ဈေးနှုန်းကိုတော့ $29 သတ်မှတ်ထားပါတယ်။


iPhone 5C ရဲ့ အပြင်ပိုင်းကို "hard-coated polycarbonate" ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားပြီး အတွင်းမှာတော့ တောင့်တင်းအောင် စတီးခွေထားပါတယ်၊ Antenna အဖြစ်လည်း အလုပ်လုပ်ပါတယ်။


4 inch Retinal Display ဖြစ်ပြီး iPhone 5 အတိုင်းပဲ A6 processor ကို သုံးထားပါတယ်။ ဘက်ထရီကတော့ iPhone 5 ထက် မဆိုသလောက်လေး ကြီးပါတယ်။ Camera ရဲ့ အရည်အသွေးက iPhone 5 အတိုင်း "8 mega pixel" ဖြစ်ပြီး၊ အရှေ့မှာတော့ အသစ်စက်စက် FaceTime HD camera ကို တပ်ဆင်ထားပါတယ်။


LTE support လုပ်ပြီး Dual-band, WiFi, Bluetooth 4.0 ဖြစ်ပါတယ်။


iPhone 5C အတွက် ဖုန်းလိုင်း (၂)နှစ် စာချုပ်နှင့် ဈေးနှုန်းမှာ 16GB အတွက် $99 နှင့် 32GB အတွက် $199 ဖြစ်ပါတယ်။



iPhone 5S
မျှော်လင့်ထားကြတဲ့အတိုင်း iPhone 5S ကို Gold, Space Gray & Silver အရောင်သုံးမျိုးနဲ့ ထုတ်လုပ်လိုက်ပါတယ်။ ကိုယ်ထည်ကို အလှုမီနီယမ် အကောင်းစားနဲ့ ပြုလုပ်ထားပြီး "Home" button မှာ အကွင်းလေး အနားသတ်ပေးထားပါတယ်။


"A7" လို့ အမည်ပေးထားတဲ့ မြန်နှုန်းမြင့် processor အသစ်ကို အသုံးပြုထားပြီး 64-bit ဖြစ်လို့ ဒါဟာ smartphone လောကမှာ ပထမဦးဆုံး နည်းပညာသစ်ဖြစ်ပါတယ်။



iPhone 5S မှာ နောက်ထပ် ထူးခြားစွာ ပါဝင်လာတဲ့ အစိတ်အပိုင်း အသစ်ကတော့ "M7" (motion co processor) ဖြစ်ပြီး လှုပ်ရှားမှုများ အားလုံးကို ပိုမိုမြန်ဆန် ချောမွေ့စေဖို့ "A7" processor နဲ့ တွဲဖက်ပြီး စည်းချက်ညီညီ အလုပ်လုပ်မှာဖြစ်ပါတယ်။


Battery life
  • 3G talk time 10hrs
  • 3G browsing 8hrs
  • LTE browsing 10hrs
  • Wi-Fi browsing 10hrs
  • Video 10hrs
  • Music 40hrs
  • Standby 250hrs




iSight camera
Camera ပိုင်းမှာ များစွာ တိုးတက်ပြောင်းလဲထားတာကို တွေ့ရပါတယ်။ "five elements Apple-designed lens" အသစ်ကို တပ်ဆင်ထားပြီး Lens ရဲ့ aperture မှာ f/2.2 ရှိပါတယ်။ ပုံရိပ်ဖမ်း sensor ၏ Active area ကလည်း 15% ပိုမိုကျယ်ပြန့်ပါတယ်။


ဓါတ်ပုံသမား အနေနှင့် အချိန်များစွာ လေ့လာဆည်းပူးခဲ့ရသော ဓါတ်ပုံပညာရပ်ဆိုင်ရာ ကိစ္စရပ်များဖြစ်တဲ့ white balance, exposure, creates a "dynamic local tone map," "auto focus matrix metering" အစရှိသော ကိစ္စရပ် (၁၅) မျိုးတို့ အတွက် Camera App တွင် ၎င်းတို့ကို automatically တည်ထားပေးပါတယ်။ ဒီတော့ လွယ်လွယ်ကူကူနှင့် ဓါတ်ပုံကောင်းကောင်း ရိုက်ချင်သူများအတွက် အဆင်ပြေစေပါတယ်။


Flash light အနေနှင့် LED မီးနှစ်လုံး ပါရှိပြီး တစ်လုံးမှာ cool & white (မီးဖြူ) နှင့် တစ်လုံးမှာ warm & amber (မီးဝါ) တို့ဖြစ်ပြီး ဓါတ်ပုံရိုက်လိုက်ချိန်တွင် အရောင်အမှန် ရရှိနိုင်စေရန် ယင်းမီးနှစ်လုံးမှ ရောနှောဆောင်ရွက်ပေးသည်။


ပုံရိပ်ကို ငြိမ်အောင် ထိန်းပေးမယ့် (image stabilization) စနစ် နှင့်အတူ 10 frames per second ရိုက်ကူးနိုင်တဲ့အတွက် ရိုက်ထားတဲ့ ပုံတွေထဲကမှ မိမိစိတ်ကြိုက် အကောင်းဆုံးပုံကို ရွေးထုတ်နိုင်ပါတယ်။ Pixel အနေနဲ့တော့ iPhone 5 ကင်မရာအပြင် အခြား smartphone များတွင်ပါရှိသော pixels ထက်ကြီးသော "1.5 microns pixels" ပါရှိပါတယ်။


ဗီဒီယိုအတွက်တော့ "Slo-Mo" function တစ်ခုပါဝင်လာပြီး (720 pixels) နှင့် 120 frames per second နဲ့ အနှေးပြကွက်များကို HD quality နှင့် ရိုက်ကူးနိုင်ပါလိမ့်မယ်။ ဒါဟာ "iSight camera" အသစ်ပါ။




Security
ကျွန်တော်တို့ရဲ့ အရေးကြီး အချက်အလက်တွေ Mail, Data တွေအားလုံး နီးပါး iPhone ထဲမှာ ရှိနေတတ်တဲ့ အတွက် လုံခြုံရေးဟာ အဓိကကျပါတယ်။ ပုံမှန်အားဖြင့်တော့ iPhone ကို "passcode" ခံပြီး မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီ passcode ကို အခြားတစ်ယောက်ယောက်က သိရှိသွားနိုင်သလို၊ iPhone သုံးသူ တစ်ဝက်လောက်နီးပါက passcode တောင် မခံထားပဲ သုံးနေကြတာကို တွေ့ရတဲ့အတွက် Apple က လူတိုင်း အလွယ်တစ်ကူ သုံးနိုင်မယ့် လုံခြုံရေးစနစ် တစ်ခုဖြစ်တဲ့ "Touch ID" ကို iPhone 5S မှာ ထည့်သွင်းပေးလိုက်ပါတယ်။


သင့်ရဲ့ လက်ဗွေကို မှတ်သားထားပြီး iPhone ကို ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်။ အလွန်ပါးလွှာ (170 microns thin) သော sensor ကို Home button အတွင်းမှာ မြုတ်ထားပါတယ်။ ၃၆၀ ဒီဂရီ ဖတ်နိုင်တဲ့ အတွက် ဘယ်နေရာကနေ ထိထိ အလုပ်လုပ်ပါလိမ့်မယ်။ passcode ကို ခဏ ခဏ မေ့လို့ Restore ပြန်လုပ်ရတဲ့ ဒုက္ခက ကင်းသွားသလို၊ မိမိဖုန်းကို မည်သူမျှ ဖွင့်လို့မရတဲ့ အတွက် အားလုံး လုံခြုံစိတ်ချရပါပြီ..




iPhone 5S Price with Contract
iPhone 5S ကို ဖုန်းလိုင်းစာချုပ် သက်တမ်း (၂)နှစ်နှင့် 16GB ကို $199, 32GB အတွက် $299, 64GB အတွက် $399 သတ်မှတ်ထားပါတယ်။ iPhone 5S အတွက် ရောင်စုံ Leather Case များကိုလည်း $39 နဲ့ ရရှိနိုင်ပါတယ်။



iPhone 4S ကတော့ 2 years contract နဲ့ "Free" ဖြစ်သွားပါပြီ။


"iPhone 5C နှင့် 5S" အတွက် pre-order ကို "September 13" ရက်နေ့မှာ စတင် လက်ခံပြီး၊ "September 20" ရက်နေ့မှာတော့ စတင် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် iPhone အသစ် ဖြန့်ချိမှုကို "China" ကနေ စတင်ပြီး 2013 ခုနှစ် အကုန်လောက်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်ထံကို အားလုံးရောက်ရှိနေမှာ ဖြစ်ပါတယ်။


>> Apple Events September 2013 video



Credit to : verge


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

3 comments :

  1. ကိုမိုးရေ ဒီပို့စ်ကို ကျွန်တော်ကူးသွားတယ်နော် ကျေးဇူးပါ...

    ReplyDelete
  2. app ငါးခုကို ဖရီးပေးတယ်တာ ပြောတာ။ itunes မှာကြည့်တော့လည်း ဈေးနှုန်းတွေနဲ့။ တခြားထူးထူးခြားခြားမဖော်ပြထားဘူး။စမ်းမ၀ယ်ရဲဘူး။ပိုက်ဆံမရှိလို့။ဖုန်းကတော့ 7OS သွင်းထားတယ်။ အိုင်ဖုန်း ဖိုး။ စလုံးမှာပါ။

    ReplyDelete