၁၉၈၇ ခုနှစ်...
အဲဒီခေတ်က တောင်ငူမြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူပွဲတော်သည် မြန်မာပြည်မှာ အစည်ကားဆုံးလို့ ပြောရင် မှားလိမ့်မည်ဟု မထင်ပါ...
ရပ်ကွက်အသီးသီးက သူ့ထက်ငါ အပြိုင် ကားကြီးများကို အလှပြယာဉ်များ ဖြစ်အောင် မီးရောင်စုံ၊ ဆေးရောင်စုံများ ခြယ်သ အလှဆင်ကာ သုံးညတိုင်တိုင် မြို့လုံးပတ်လည် လှည့်လည် ပြသကြတာ တောင်ငူမြို့ရဲ့ အစဉ်အဆက် ရိုးရာတစ်ခုပဲ ဖြစ်ပါတယ်။
အလှပြယာဉ်များ အပေါ်မှာတော့ ဖျော်ဖြေရေး တီးဝိုင်း တစ်ခုစီ ပါရှိပြီး ရန်ကုန်မြို့က နာမည်ကြီး အဆိုတော်များက တစ်ညလုံးနီးပါး လှည့်လည် သီဆိုဖျော်ဖြေကြပါတယ်..
ထိုအချိန်က အဆိုတော် ခင်မောင်ထူး၊ မေခလာ၊ ဂျက်မြသောင်း၊ နော်လီဇာတို့က ပွဲအတောင်းဆုံး အဆိုတော်များဖြစ်လို့ အချိန်ကောင်း ညဦးပိုင်းမှာ သူတို့နဲ့ ပွဲစထွက်ပါတယ်။ ညနက်ပိုင်းရောက်လာရင်တော့ အခြား အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပါတယ်..
ခြောက်တန်း ကျောင်းသားအရွယ် ကျွန်တော့်ကို အိမ်က အဝေးကြီး ပေးမလွှတ်ပါဘူး၊ ဒါကြောင့် မြို့လယ် ဈေးကြီး လမ်းမတစ်လျှောက် ကိုယ်သဘောကျတဲ့ အလှပြကားနောက်ကို လိုက်သွားရင်း သီချင်းတွေ နာထောင်လိုက်၊ ကားက တော်တော်ဝေးဝေး ရောက်ရင် ပြန်လာပြီး နောက် တစ်စီးနောက်ကို လိုက်,လိုက်နဲ့သာ အားပေးရပါတယ်...
ဒီလိုနဲ့ ညနက်ပိုင်းလောက် ရောက်လာတော့ တစ်ကျော့ပြန်ဝင်လာတဲ့ အလှပြကား တစ်စီးပေါ်ကနေ ကျွန်တော် တစ်ခါမှ မကြားဘူးတဲ့ သီးချင်းတစ်ပုဒ်ကို အသံချိုချို အေးအေးလေးနဲ့ လူတစ်ယောက် ဆိုနေတာ ကြားလိုက်ရပါတယ်။
အသံပိုင်ရှင်က ရှပ်လက်ရှည်အဖြူ ဘောင်းဘီရှည် အဖြူကို ဝတ်ဆင်ထားပြီး ရှပ်လက်ရှည်ကို လက်မောင်း တစ်ဝက်လောက်ထိ ခေါက်တင်ထားပါတယ်၊ ရင်ဘက်ကြယ်သီးကို သုံးလုံးလောက် ဖြုတ်ထားတဲ့ ပိန်ပိန်ပါးပါးနဲ့ သူက အလှပြကားရဲ့ ထိပ်ပိုင်းမှာ မတ်တပ်ရပ်ပြီး ဘယ်ဖက် လက်တစ်ဖက် မိုက်စတင်းကို ကိုင်ထားပြီး ညာဖက်က မိုက်ကရိုဖုန်းကို ကိုင်ရင်း သီချင်းဆိုနေတာပါ..
ဒီသီချင်းကို တစ်ခါမှ မကြားဘူးပေမယ့် အခုတစ်ခါထဲ ကြားလိုက်ရတာနဲ့တင် နားထဲမှာ စိမ့်ဝင်စွဲသွားပြီး သူ သီချင်းတစ်ပုဒ်လုံး မဆုံးခင်မှာပဲ အဲဒီသီချင်းရဲ့ Chorus အပိုဒ်ကို ကျွန်တော် အလွတ်ရခဲ့ပါတယ်..
.. ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်ကလေးရယ်
.. ခယောင်းတောထဲကတို့ကို ထားခဲ့ကွယ်
.. ချစ်ခဲ့ကြတဲ့ အချစ်ဟာ အိမ်မက်ကွယ်
.. မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
.. အိုးး.. ဝိုးး.. ဝို... မေ့လိုက်တော့ အချစ်လေးရယ်..
-နှစ်ကျိပ်ရှစ်ဆူပွဲကလည်း ပြီးသွားခဲ့ပါပြီ၊ ဒါပေမယ့် ကျွန်တော့် နှုတ်ကတော့ 'မေ့လိုက်တော့' သီချင်း အပိုင်းအစလေးကို ရွတ်နေလျှက်ပါ။
ထိုအချိန်အထိ "ထူးအိမ်သင်" ဆိုတဲ့ အဆိုတော်ကို ကျွန်တော် မသိသေး၊ မကြားဘူးသေးပါဘူး...
'အကြင်နာအိမ်မက်' ထွက်တော့ အဖေစာကျက်ထားတဲ့ အသံသွင်း တိတ်ခွေဟောင်းကို သူမသိအောင် ဖျက်ပြီး ဈေးထဲက တေးသံသွင်းဆိုင်မှာ ကူးပြီး နားထောင်ပါတယ်.. အောင်ရင်ကိုလည်း အဲဒီအခွေကမှ စပြီး နှစ်သက်သွားပါတယ်..
'အတ္တပုံဆောင်ခဲများ' ကို ကျုရှင်လစ်ပြီး လဖ္ဘက်ရည်ဆိုင်မှာ အခေါက်ခေါက် အခါခါ နားထောင်ပါတယ်...
'အရင်အတိုင်း' သီချင်းကို စောင်းဆိုမိသလို ဖြစ်သွားလို့ ဘေးအိမ်က ဆံပင်ရှည်ရှည်နဲ့ ကောင်းမလေး ငြိုငြင်တာကို ခံခဲ့ရဖူးပါတယ်..
၁၉၉၉၈ ရေကျော် သီတင်းကျွတ်...
လူတွေ တိုးဝှေ့နေတဲ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ရေကျော်ပွဲဈေးတန်း၊ မောင်အေးကဖီးနားမှာ ရောင်းတဲ့ ရေမုန့်ဝယ်ဖို့ စောင့်နေတုန်း လူတစ်ယောက် လက်ကို လာဆွဲပြီး ညီလေး ဘယ်နှစ်နာရီ ရှိပြီလဲတဲ့... ကျွန်တော်လည်း နာရီ ချက်ခြင်း ကောက်ကြည့်ပြီး ကိုးနာရီခွဲ အစ်ကိုဆိုတော့ ကျေးဇူးပဲကွာ ဆိုပြီး ရေးကြီး သုတ်ပျာလှည့်ထွက်သွားတယ်၊ အဲဒီတော့မှ သတိထားမိလိုက်တယ် ကိုထူးအိမ်သင်ပဲလို့ စောစောက သတိမထားမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်...
ဘဝမှာ ကိုထူးအိမ်သင်နဲ့ ကိုယ်တိုင်ကိုယ်ကျ နှစ်ခါသာ ဆုံခဲ့ရဖူးပေးမယ့် သူ့သီချင်းတွေနဲ့ တစ်ဘဝလုံး ရူးသွပ်စွာ ရှင်သန် ဖြတ်သန်းခဲ့ရတယ်ဆိုရင် မမှားပါဘူး...
ကျွန်တော် ဘဝမှာ မယုံကြည်နိုင်ဆုံး တစ်ခုက သူကွယ်လွန်သွားခဲ့ပြီ ဆိုတာပါပဲ..
သူဟာ ကျွန်တော့်ရင်ထဲမှာတော့ အမြဲတမ်း ရှင်သန်နေလျှက်ပါ၊ သူ့သီချင်းတွေ ပြန်နားထောင်တိုင်း အရင်လိုပဲ ခံစားချက်တွေ လတ်ဆတ်နေဆဲပါ..
ဒါပေမယ့် သူတစ်ကယ် ကွယ်လွန်သွားခဲ့ပါပြီ...
ယခုလာမယ့် သြဂုတ်လ (၁၄) ရက်နေ့ဆိုရင် ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ...
စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလို့ပဲ ထင်နေပါသေးတယ်..
ဒါကြောင့်မို့ "ထူးအိမ်သင်" ဆရာငှက်ရဲ့ ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ သူ့ရဲ့ အကြောင်းကို ရေးသားထားတဲ့ စာရေးဆရာ နိုင်ဇော်ရဲ့ "အဆုံးစမဲ့ မိုးသားထဲ သွားရဦးမယ် (ထူးအိမ်သင်ကောက်ကြောင်း)" စာအုပ်ကို Digital ePub အဖြစ် ပြန်လည်ခံစား တင်ဆက်လိုက်ပါတယ်..
ပြုလုပ်ထားတာ ကြာပြီဖြစ်ပေမယ့် မှတ်မှတ်ရ,ရ ဖြစ်အောင် ၁၀နှစ်ပြည့်မယ့် သြဂုတ်လကို စောင့်နေခဲ့တာကြောင့် အခုမှပဲ ထုတ်ပေးဖြစ်ပါတယ်..
ထူးအိမ်သင်ရဲ့ ဘဝအစ၊ အဆိုတော်မဖြစ်မီ ဖြတ်သန်းခဲ့ရသော ပုံရိပ်များ၊ အခက်အခဲများကြားက ဝါဿနာကို မလွတ်တမ်း ဖမ်းဆုတ်ကိုင်နိုင်တဲ့ ခံယူချက်၊ အနုပညာအပေါ် တန်ဖိုးထားတဲ့ သူ့ရဲ့ စိတ်ဓါတ်တို့ကို ယခုစာအုပ်တွင် ပီပီပြင်ပြင် သိရှိရမှာ ဖြစ်ပါတယ်...
ကိုထူးအိမ်သင် ကောင်းရာသုဂတိလားပါစေ...
(မိုးသိကြား)
**အဆုံးစမဲ့ မိုးသားထဲ သွားရဦးမယ် (ထူးအိမ်သင်ကောက်ကြောင်း)**
>> Download ePub version
>> Download PDF version
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
အကြိုက်ချင်းတူသွားပြီအကိုရေ
ReplyDeleteဒေါးလင့်မတက်လာဘူး
ReplyDelete