ကျွန်တော် သူ့ ကို စွဲလန်းမိခဲ့သည့်အတွက် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို အလွန်မုန်းတီးမိသည်။ သူ့ ကို စွန့် လွှတ်နိုင်သော စိတ်ကို ဘာ့ကြောင့် မွေးမြူ၍ မရနိုင်လဲ ဆိုတာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ။သူ့ ကို ကျွန်တော့် ထွေးပွေ့ ခွင့် မရနိုင်တော့ဘူးဆိုတာ သေချာနေပေမယ့် အမြဲတစေ သူ နဲ့  နီးနိုင်သမျှ နီးကပ်စွာ နေနိုင်ရန် အားထုတ်မိနေတတ်၏....။
သူ့ ကို အလွန်ချစ်မြတ်နိုးသည့် စိတ်ကို မွေးကင်းစထဲက အမေများ ထည့်ပေးလိုက်ရော့သလားလို့  အမေ့အား ကြံဖန် အပြစ်တင်ချင်မိသည်။ မိခင်ဆိုသည်မှာ သားသမီး၏ စိတ်သဘောကို အကုန်အစင် နားလည်နေသည့်အလျှောက် သူ့ ကို ကျွန်တော် အလွန်ချစ်မှန်း အမေသိသည်၊ သူနဲ့  ပက်သက်သက်လာလျှင် အမေ ကျွန်တော့်ကို နားလည်ပေး၏။ အဖေကတော့ မရေရာသော အနာဂါတ်ကို ကြိုမြင်သူကဲ့သို့ သူနဲ့  ပက်သက်လာလျှင် "မင်း အရူးပဲ... ခွေးဖြစ်မယ့်ကောင်" ဟု ပြစ်နှစ်စွာ ဝေဖန်ခဲ့ဖူး၏။ သူ၏ မိတ်ဆွေများက “ခင်များ သားအကြီးကောင် ဘာတွေလုပ်နေလဲလို့ ” မေးရင် “အလကားပါ၊ ဒီကောင် အလုပ်မဟုတ်တာတွေပဲ စိတ်ဝင်စားနေတယ်” ဟု မချင့်မရဲ ပြန်ဖြေခဲ့ပါတယ်။ (တစ်ကယ်တော့ အဖေသည် ကျွန်တော့်ကို သူနဲ့  မနီးစပ်စေချင်ပါ)
ဟုတ်ပါတယ်... ကျွန်တော်ကလည်း သူနဲ့ ပက်သက်လာရင် တော်တော်ရူးပါသည်၊ သူ့  ကို အကြောင်းပြုပြီး သိပ်မရင်းနှီးသူများ ကျွန်တော်ထံမှ ငွေကြေး၊ အခွင့်အရေးများ ဆွတ်ယူ စားသုံးခံရခြင်းများ ရှိခဲ့ပါသည်။ သို့ သော် ကျွန်တော် အပြုံးမပျက်ခဲ့ပါ၊ သူ့  အနားမှာ ကျွန်တော်ရှိနေနိုင်ဖို့ သာ စိတ်ဝင်စားခဲ့ပါသည်။ တက္ကသိုလ် ရောက်တော့လည်း ကျောင်းခန်းထဲမှာထက် သူနဲ့ သာ အချိန်ကုန်နေခဲ့ပြန်သည်။ အရေးမကြီးဖူးဟု မိမိဖာသာ သတ်မှတ်လိုက်သော အတန်းချိန်များကို ဂစ်တာတစ်လက် နဲ့ အတူ ပါလာ (parlour) ထဲမှာ နစ်မြောပစ်လိုက်သည်။
တစ်ခါတစ်ခါ
ကျွန်တော်က အလေးအနက်ထားသလောက် သူက အပျော်သဘောဆန်နေခဲ့သည်ဟု ထင်မိပါသည် ....
အမှန်တော့ သူနဲ့  ပက်သက်ပြီး ကျွန်တော် ဘယ်တုန်းကမှ သေသေချာချာ မလေ့လာခဲ့မိခြင်းကြောင့်သာ ဖြစ်သည်။ ဒီတော့ သူ့  အသိုင်းဝိုင်းထဲကို ကျွန်တော် ဝင်ခွင့် မရခဲ့..
ကြိုးစားသမျှ အရာထင် မလာသောအခါ နာကျည်းမှုတို့ နှင့်အတူ သူနဲ့  ဝေးရာကို လေလွင့်ခဲ့မိသည်မှာ အခါခါပင်၊ အိမ်က ဖိအားပေးတာတွေလည်း ပါမှာပေါ့လေ.... အဖေက ရေရာသော အလုပ်ကို လုပ်စေချင်သည်၊ ကျွန်တော်က သူ့ အပါးတွင်သာ တွယ်ငြိချင်သည်....
သူ၏ အငွေ့ အသက်နှင့် ကင်းဝေးသော၊ သူ နှင့် မပက်သက်သော အလုပ်မှာ ကျွန်တော် ဘယ်ကြာကြာနေပျော်ပါ့မလဲ... ဒါပေမယ့် သူသည် မျက်နှာများ၏၊ အသိုင်းအဝန်းကလဲ ကျယ်ပြန့်  သည်။ ထို့ ကြောင့် သူသည် ကျွန်တော့် စိတ်ထဲ၌ နေရာတစ်ကာတွင် ရှိနေတတ်ပြီး အရာအားလုံးက သူနှင့် ပက်သက်သည်ဟု ထင်မြင်လာကာ သူရှိနိုင်မည်ထင်သော နေရာတော်တော်များများမှာ အလုပ် လုပ်ကိုင်ခဲ့ဖူးသည်။
ကျွန်တော့အတွက် မှတ်မှတ်ရရလေး တစ်ခုကတော့ လစာ အတန်အသင့် များသော အလုပ်တစ်ခုမှ လစာနည်းပါးသော အလုပ်သို့  သူနှင့် နီးစပ်နိုင်မည် ဆိုရုံနဲ့  ပြောင်းရွေ့  ခဲ့ခြင်းပင်ဖြစ်ပါသည်။ ဒါပေမယ့် ထိုမိုက်မဲသော လုပ်ရပ်ကြောင့်ပင် ကျွန်တော် ကံကောင်းသွားတယ်လို့ ပဲ ပြောရမလား...
အခုလို မထင်မှတ်တဲ့ စွန့် စားမှုတစ်ခုက သူနဲ့  ကျွန်တော့်ကို ပိုပြီး ထဲထဲဝင်ဝင် ဖြစ်စေခဲ့ပါတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော်ကို သူက ကြည်ကြည်ဖြူဖြူ ပက်သက်ခွင့် ပေးခဲ့ပါတယ်။ သူနဲ့  ပက်သက်တဲ့ အသိုင်းအဝိုင်းက ကျွန်တော့်ကို အသိမှတ်ပြုခဲ့ကြပါတယ်... ကျွန်တော်ဖြစ်ချင်ခဲ့တာ ဒီဘဝမျိုးလေ...
ဒီတော့လဲ စိတ်ကြီး ဝင်မိတာပေါ့... သူနဲ့  မပက်သက်ချင်သူဆိုတာ ခပ်ရှားရှားရယ်ပါ....
အဲဒီနှစ်တွေကို ကျွန်တော်ရဲ့  အပျော်ရွှင်ခဲ့ဆုံး ကာလတွေအဖြစ် သတ်မှတ်မယ်ဆိုရင် မမှားပါဘူး။ တစ်ဒင်္ဂ... ချိုမြိန်တဲ့ တစ်ကယ့် တစ်ဒင်္ဂပေါ့...
ဘဝ တစ်ဆစ်ချိုးမှာ မမျှော်လင့်ပဲ ရုတ်တရက် ကျွန်တော် အိမ်ထောင်ကျသွားခဲ့တယ်....။
အဲဒီအချိန်ထိ သူ ကျွန်တော်ကို ပက်သက်ခွင့် ပေးခဲ့ပါတယ်၊ ပက်သက်ရမယ်လေ... ပက်သက်ရမှာပေါ့ ဒီအခြေနေထိရောက်အောင် ဘယ်လောက် တည်ဆောက်ခဲ့ရတယ်ဆိုတာ ကျွန်တော်ပဲ သိတယ်။
ကျွန်တော့် အိမ်သူ ကလည်း သူကို ကျွန်တော် ဘယ်လောက် တွယ်တာတယ်ဆိုတာ သိနှင့်ပြီးသားပါ။ သဘောမကျပေမယ့် တစ်ချက် မငြိုငြင်ခဲ့ပါဘူး။ ကျွန်တော့် စိတ်တိုင်းကျ ဖြစ်စေခဲ့တယ်။
တိုတိုပြောရရင် သူ့ အပေါ်မှာ အရင်းနှီးပြုဖို့ တောင် ကျွန်တော့် အိမ်သူက အလုံးအရင်းနဲ့  ထုတ်ပေးခဲ့ပါတယ်။ အကျိုးမပေးချင်တော့ နှစ်လဆိုတဲ့ ကာလလေးအတွင်းမှာ အရင်းအနှီးတွေ အားလုံး ဆုံးရှုံးသွားခဲ့တယ်။
ဒီတော့မှ "သူနဲ့ ပက်သက်ရင် ခွေးဖြစ်မယ်" ဆိုတဲ့ အဖေ့စကားကို ကျွန်တော် ပြန်ကြားယောင် မိတယ်။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်...
အို...ဒါတွေက ကြာခဲ့ပါပြီလေ..၊
အခုထက်ထိတော့ သူ့ ကို ကျွန်တော် အတင်းထိတွေ့  ပက်သက်နေဆဲပဲ...
သူဟာ ကျွန်တော့်ရဲ့  အထီးကျန်မှုလေးတွေကို အဖော်ပြုပေးတယ်၊ တစ်ခါတစ်ခါ ကျွန်တော့် ခံစားချက်တွေကို ပုံဖော်ပေးတယ်၊ ကျွန်တော့်ရဲ့  အားလပ်ချိန် တော်တော်များများကို သူ့ အတွက်ပဲ သုံးခဲ့မိပါတယ်။သူဟာ ကျွန်တော့် အသွေးအသားထဲမှာ စိမ့်ဝင် ဖြန့် ကျက် စီးဆင်းနေခဲ့ပါပြီ....
ကျွန်တော့်ကို ငယ်စဉ်ကထဲက ပုံစံမျိုးစုံနဲ့ စွဲလန်း ရူးသွပ်စေသော "သူ" ....
ကျွန်တော့်တွင် ပြည့်မှီသော အရည်ချင်းမရှိတာကို အဖေသိ၍ မပက်သက်စေချင်ခဲ့သော "သူ"...
အိမ်သူက မနာလိုဝန်တိုခြင်း ကင်းစွာ ကျွန်တော်နှင့် ပက်သက်ခွင့်ပေးခဲ့သော "သူ"....
"သူ" သည် လူ၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ် တစ်စုံတစ်ယောက် မဟုတ်သကဲ့သို့ 
ကြည့်ရှု့ ကိုင်တွယ်၍လည်း မရ နှစ်ဆယ့်လေးနာရီတာ ပတ်လုံး ကျွန်ုပ်အား ညှို့ ငင် စွဲဆောင်နေသော "အနုပညာ" ဆိုသည့် စေတသိတ် ဖြစ်ပါတော့သည်။ ကျွန်ုပ်သည် မိမိအတ္တကို ရှေ့ တန်းတင်တတ်သော ယောင်္ကျားတစ်ယောက် မဟုတ်သော်ငြား "သူ" ဟူသော "သူ" နှင့် ပက်သက်လာလျှင် ကျွန်တော်သည် မိုက်မဲမိတတ်၏။
ယခုကဲ့သို့  မတောက်တခေါက်နှင့် စာရေးနေခြင်းသည်ပင် "သူ့ " နှင့် မိုက်မိုက်မဲမဲ ပက်သက်မိနေခြင်း မဟုတ်ပါလော့.....
မှတ်ချက်။ ။ ကျွန်တော့် ဘဝ တစ်လျှောက်လုံး မည်သည့် အလုပ်များကိုပင် လုပ်ကိုင်ခဲ့ (လုပ်ကိုင်ခဲ့) ဂီတမှ စ၍ ရုပ်ရှင်၊ ဓါတ်ပုံ၊ ပန်းချီ၊ စာပေ စသော အနုပညာနှင့် ပက်သက်သော အလုပ်တစ်ခုခုကို ငွေကြေး ရသည်ဖြစ်စေ မရသည်ဖြစ်စေ မလုပ်ရလျှင် နေမထိ ထိုင်မသာ ဖြစ်ရသည့် အကြောင်း စဉ်းစားမိ၍ ၊ ဤအကြောင်းအရာလေးကို ရေးတတ်သလို ရေးသားမိခြင်းဖြစ်ပါသည်...
ကျန်နေသေးသည့် ကျွန်တော့် ဘဝရဲ့  အချိန်တွေကို အပျော်တန်း အနုပညာသမား တစ်ယောက် အဖြစ် ချယ်မှုန်းလိုပါသေးသည်....။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
ကိုမိုးသကြားရဲ့ iPost ကိုဖတ်ရတာ ရသတမျိုးခံစားရပါတယ်။ အစ်ကို့ကို iDevice တွေပဲသိတယ်ထင်ခဲ့တာ။ ဒီလို post ကိုဖတ်ရတော့ iDevice တွေအကြောင်းမဟုတ်လည်း ဒါမျိုးတွေလည်း ငါ့အစ်ကိုသိပါလားလို့ ကြိတ်ပြုံးမိတယ်။ :)
ReplyDeleteအကို တမ်းတတဲ့သူနဲ့အကိုအမြန်ဆုံး နီးစပ်ပြီး အောင်မြင်ပါစေ
ReplyDeleteခံစား အားပေးကြတဲ့ အတွက် ညီအစ်ကို သူငယ်ချင်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...
ReplyDeleteလေးစားပါတယ်....ကိုမိုး..။
Deleteကိုမိုး။ အနုပညာဟာ ရိုင်းနေတဲ့လူကိုတောင် ယဉ်ကျေးသွားစေနိုင်လောက်တဲ့ အစွမ်းသတ္တိရှိတယ်တဲ့။ ကျနော်တို့လေးစားရတဲ့ ကိုမိုးဟာ ဒီဆောင်းပါးပေါ့နော် စာစုလေးကြောင့် ချစ်စရာကောင်းတဲ့ လူတယောက်ဖြစ်သွားတယ်။ ကိုမိုးရဲ့စေတာနာနဲ့အနုပညာကို အမြဲလေးစားအားပေးနေပါမယ်။
ReplyDelete