Tuesday, March 27, 2012

ကျွန်ုတော်တို့ လည်း တာဝန်ရှိပါသည်....

အင်းးး.... ကိုယ့်အကြောင်း ကိုယ်စဉ်းစားရင် ရယ်တော့ ရယ်ရတယ်ဗျ....!

ဒီအသက် ဒီအရွယ်ထိ တစ်ခါမှ ဆန္ဒမဲ ဆိုတာ မပေးဖူးသေးဘူး။ မဲမပေးဖူးသေးလို့  "မင်း.. လူမဖြစ်သေးဘူးကွ" လို့ ပြောရင် ကျွန်တော် လူလားမမြောက်သေးပါ...။

၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းကလည်း စတိတ်ကျောင်းသား အရွယ် အသက် (၁၈)နှစ် မပြည့်လို့  မဲပေးခွင့်မရခဲ့ပါဘူး။ အဲဒီတုန်းကတော့ NLD (ခမောက်) ပါတီပေါ့ဗျာ၊ ပါတီဝင် လူကြီး လူငယ်တွေ ပင်နီတိုက်ပုံလေးတွေနဲ့  ခမောက်လေးကိုဆောင်း၊ လွယ်အိတ်လေးတွေ ကိုယ်စီလွယ်လို့  တစ်အိမ် တက်/ဆင်း နဲ့  ပါတီရဲ့ ရှေ့ လုပ်ငန်းစဉ်တွေကို ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာနဲ့  ရှင်းပြ စည်းရုံးခဲ့တာကိုတော့ ကိုယ်တိုင်တွေ့ မြင်ခဲ့ရဘူးပါတယ်။

ယနေ့ ထိ မဲထည့်ဖို့ ဆိုတာ ဝေးစွ မဲရုံဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကိုတောင် ကိုယ်တိုင် မမြင်ဖူးသေးပါဘူး။ နောက်တစ်ခါ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့ စည်းပုံ အတွက် (ကန့် ကွက်) မဲပေးမယ် လုပ်တုန်းကလည်း နိုင်ငံရပ်ခြားမှာ ဖြစ်လို့  သံရုံးရဲ့  အလွန်ကောင်းမွန်တဲ့ အစီအစဉ်တွေကြောင့် မဲပေးခွင့်မရခဲ့ပါဘူး။

နိုင်ငံရေးနဲ့  ပက်သက်ရင် ကျွန်တော် ဘယ်လောက် လေ့လာထားတယ် ဆိုတာ ပြောရပါဦးမယ်။ မြန်မာပြည်မှာတုန်းက သတင်းစာဖတ်ရင် ကြော်ငြာ ကဏ္ဍနဲ့  ရုပ်မြင်သံကြား အစီစဉ်ကလွဲရင် ဘာမှ ဖတ်တဲ့လူ မဟုတ်ပါ။ Tourist Guide (ဧည့်လမ်းညွှန်) ဝင်ခွင့် အင်တာဗျုးဖြေတုန်းက ဟိုတယ်/ခရီး ဝန်ကြီး ဘယ်သူလဲဆိုတာ မသိလို့  ရွေးချယ်ခြင်းမခံခဲ့ရဘူး၊ အဲဒီလောက် နိုင်ငံရေးကို စိတ်ဝင်စားတာဗျာ။

ဒါပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့  လူကသာ နိုင်ငံရေးအကြောင်းတွေ မလေ့လာချင်တာ နိုင်ငံရေးသွေးကတော့ ရဲခဲ့ပါတယ် (ဒါတွေက ပြန်ပြောပြလို့  သိပ်မကောင်းလို့  ထားလိုက်ပါတော့) ။ ၁၉၉၇ မှာ ဖြစ်ပျက်သွားတဲ့ ကျောင်းသား အရေးအခင်းကိုတော့ အခုအချိန်မှာ အသက် (၃၄) ဝန်းကျင်ရှိကြတဲ့ လူလတ်ပိုင်းတွေ မေ့နိုင်ကြမယ် မထင်ပါဘူး။ အဲဒီတုန်းက (၃)နှစ်ကျော် တက္ကသိုလ်တွေ ပိတ်သွားခဲ့ရတဲ့ အတွက် ဒီနေ့  ကျွန်တော်တို့ ရဲ့  အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဘဝပုံစံတွေ ပြောင်းသွားစေခဲ့တယ်။

ကျောင်းသား တော်တော်များများ နိုင်ငံရပ်ခြားတွေမှာ အလုပ်သမားတွေ ဖြစ်ကုန်ကြတယ် (ကျွန်တော်လဲအပါအဝင်)။ ပညာတတ် အလွှာတွေထိုးဆင်းကုန်ပြီး အလုပ်သမား အလွှာတွေသာ မြင့်တတ်လာတယ်။ ကျောင်းဖွင့်ပြီလို့  ကြားတော့ နိုင်ငံခြားကနေ ခတ္တပြန်လာ၊ အပြေးအလွှားနဲ့  ကတိုက်ကရိုက် အဝေးသင်ဘွဲ့ ယူခဲ့ကြသူတွေရှိသလို၊ လုံးဝကို ဘဝမှာ ဒီဂရီ မရသွားတော့တဲ့ သူငယ်ချင်းတွေလဲ အများကြီးတွေ့ ရပါတယ်။

တောက်လျှောက် အချိန်ကုန်ခံပြီး Day တက်လာပြီး ကျောင်းပြီးခါနီးမှ ဖြစ်လိုက်တဲ့ အရေးအခင်းတစ်ခုကြောင့် ဘွဲ့ ရတော့ အဝေးသင်ဘွဲ့  ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဆရာဦးအောင်သင်း က ပြောတာပါ..

"အရေးအခင်းတစ်ခု ဖြစ်ရင် အရင်ဆုံးပိတ်တာက ကျောင်း၊ နောက်ဆုံးမှ ပိတ်တာက ရဲစခန်း""အရေးခင်းပြီးလို့  အရင်ဆုံးပြန်ဖွင့်တာ ရဲစခန်း၊ နောက်ဆုံးမှ ဖွင့်တာ ကျောင်း" တဲ့ မှန်လိုက်တာ ဆရာကြီးရယ်...

အဲဒီရလာဒ်တွေက အနိမ့်ဆုံးအဆင့် အခုလို နေရာတစ်ကာ ဘာမှမဟုတ်ပဲ ကြီးကျယ်တတ်တဲ့ စင်ကာပူလို နိုင်ငံမျိုးမှာ တစ်ခုခုဆိုရင် Impression က အရမ်းကွာသွားပြီ။ ထားပါတော့ဗျာ ဒါလေးတွေက နမူနာ အသေးအဖွဲလေးတွေပါ။ အလွန့် အလွန်ကြီးမားတဲ့ ဆိုကျိုးတွေကတော့ အားလုံးသိကြမှာပါ မိကျောင်းမင်းကို ရေခင်း မပြချင်တော့ပါဘူး။

ကျွန်တော်တို့ လိုချင်နေတာ အပြောင်းအလဲပဲ....!

ကျွန်တော့် သဘောဆန္ဒကို ပြောရရင် NLD ရဲ့  အတိုက်အခံပါတီကြီး တစ်ခုက "ကျွန်တော်တို့ လဲ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်သွားနေကြတာပါ၊ ဒါပေမယ့် သွားမယ့် နည်းလမ်းက တူညီချင်မှ တူညီမယ်" ဆိုတဲ့ ပုံစံမျိုးတွေ ပြောပါတယ်။

ဒါဟာ သိပ်ရယ်စရာကောင်းတယ် ဒါကို ကျွန်တော် လုံးဝ အယုံအကြည်မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတာရှင်းပါတယ်.... သူတို့ တွေ ခေါင်းစဉ် အမျိုးမျိုးပြောင်းပြီး ကျွန်တော်တို့  နိုင်ငံကြီးကို အုပ်ချုပ်ခဲ့တာ ကျွန်တော် မမွေးခင် ကာလ ကနေ ခုချိန်ထိဖြစ်နေလို့ ပါပဲ.... ခုချိန်ထိ တိုင်းပြည်က စုတ်ပြတ် ဆင်းရဲ နေတာကလွဲရင် ဘာမှဖြစ်မလာပါဘူး။ (ဒီတော့ ဘေးထွက် ထိုင်နေသင့်နေပါပြီ) ဒီလိုမျိုးပဲ ခေတ်အဆက်ဆက် ပြောနေခဲ့တာ အခုချိန်ထိ ကျွန်တော်တို့ က ဟုတ်နိုး ဟုတ်ယောင်နဲ့  ယုံကြည်နေကြဖို့  လုံးဝ (လုံးဝ) မလိုအပ်တော့ပါဘူး။

ဒါကြောင့် ကျွန်တော် ပြောတဲ့ အပြောင်းအလဲဆိုတာ နောက်အစိုးရအသစ် တစ်ခု (ဥပမာ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ) တက်လာတာကိုပဲ လိုချင်တယ်၊ ကောင်းသွားရင်လဲ စံမယ်၊ မကောင်းသွားရင်လဲ ခံမယ်။ သူတို့ ရဲ့  လုပ်ရည်ကိုင်ရည်ကိုလဲ ကြည့်ပါရစေဦး။ ဒီလို ကြည့်ရှု သုံးသပ်ဖို့ ဆိုရင် သူတို့ မှာ လုပ်ကိုင်နိုင်ခွင့်ရှိမှပဲ ဖြစ်မှာပေါ့၊ ဒါကို ကျွန်တော်တို့  ပြည်သူတွေက အရယူပေးနိုင်ရမယ်။ ဒါမှလည်း အမှား အမှန် ပိုမိုကွဲပြားလာမှာပါ။ (ကျွန်တော် ဆိုလိုတာ အခုကြားဖြတ် ရွေးကောက်ပွဲ တစ်ခု အတွက်ပဲ ရည်ရွယ်တာ မဟုတ်ပါဘူး) ။

ဒါပေမယ့် ဘယ်တုန်းကမှလဲ မကောင်းခဲ့ဘူး၊ ဘယ်တော့မှလဲ ကောင်းလာမှာ မဟုတ်တဲ့သူတွေကိုတော့ ဘာအကြောင်းပြချက်ကြောင့်မှ လက်မခံသင့်တော့ပါဘူး။

ဒီအတွက်ကြောင့် ကျွန်တော်သည် တရားဝင် မဲပေးပိုင်ခွင့်ရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ၊ မိမိ၏ ဆန္ဒအမှန်ကိုတော့ လူ့ အခွင့်အရေး တစ်ရပ်အနေနဲ့  ဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်။
ထို့ ကြောင့် ကျွနုပ်၏ ဆန္ဒမဲသည် "အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်" သာ ပေးအပ်ကြောင်း အသိပေးဖော်ပြလိုက်ပါတယ်။

အပြောင်းအလဲကို တစ်ကယ် လိုချင်တယ်ဆိုရင်...! တစ်ကယ် လိုလားတယ်ဆိုရင်....!

သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ NLD ကိုသာ အမှန်ခြစ်လေးပေးလိုက်ပါ.....

ပြည်ပရောက် မြန်မာ blogger များ၊ ကိုယ်ပိုင် website ရှိသူများလည်း ကျွန်တော်နှင့် ထပ်တူ ဆန္ဒဖြစ်ပေါ်လို့  မိမိ၏ site တွင် NLD ဆန္ဒမဲ ကို ဖော်ပြလိုပါက NLDvote(195x122px).png ဤလင့်ခ် ကိုအသုံးပြု အသင့်ဖော်ပြနိုင်ပါသည်။

"နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပါသည်"

"တစ်မိသားစု ကောင်းစားရေးထက် တစ်နိုင်ငံလုံး ကောင်းစားရေးကို ရှေးရှုစေလိုပါသည်...... "

ကျွန်တော်တို့  တိုင်းပြည် ကောင်းစားရေး၊ ကမ္ဘာနိုင်ငံများ အလယ်မှာ အောက်ကျ နောက်ကျ မဖြစ်ရေး အတွက်

ကျွန်တော်တို့ မှာလည်း တာဝန်ရှိပါသည်......။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Facebook Comments

0 comments :

Post a Comment