Saturday, March 3, 2012

ကျွန်တော်ခံစားမိသော 'The Lady'

'The Lady' ဇာတ်ကားကို ရုံတင်မတင်မှီထဲက ကြည့်ချင်တဲ့ စိတ်က အလွန် ပြင်းပျနေခဲ့ပါတယ်။ ဒါပေမယ့် ရုံတင်လာပြန်တော့လည်း အလုပ်ချိန်ကြောင့် ချက်ချင်းမသွားကြည့်ဖြစ်ခဲ့ပါဘူး။

ဒီနေ့တော့ အလုပ်နားရက်ဖြစ်လို့ Vivo City က Golden Village မှာ နေ့လည် ၁:၃၀ နာရီပွဲကို မနက်ထဲက Book လုပ်ပြီး ကြည့်ဖြစ်ခဲ့ပါပြီ....

You Tube မှာ ကြည့်ခဲ့မိတဲ့ နမူနာ အပိုင်းအစတွေကြောင့် 'The Lady' ပေါ်မှာ မျှော်လင့်ချက် နည်းပါးနေခဲ့ပါတယ်။

ဇာတ်ကား အမျိုးအစားကလည်း 'NC16' ထဲရောက်နေပြီး အသက် ၁၆ နှစ်အောက် ကြည့်ခွင့်မရှိပါ၊ နမူနာကာတိုများ ကြည့်ရှူခဲ့စဉ်ကလည်း လွဲမှားနေသော အခိျု့အခန်းများ၊ နမ်းရှုံ့ နေသော အခန်းများကို ကြည့်ခဲ့ရ၍ ဘာတွေများ လွဲချော်မှုဖြစ်မလဲဟု တစ်ကယ်ပင် စိတ်ပူပင်နေခဲ့ပါတယ်။

The Lady ဇာတ်ကား ရဲ့ အဖွင့် ...
'၁၉၅၄ ခုနှစ်'

မြူခိုးတွေ ဝေပြီး အလွန်လှပတဲ့ ပုဂံရှုခင်းနဲ့ အတူ
'ဖေဖေတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ဟိုးရှေးရှေးတုန်းကဆိုရင်...'
ဗိုလ်ချုပ်က သမီးငယ်လေးကို ပြောပြဟန် နောက်ခံစကားပြောနဲ့ စတင်လိုက်ပါတယ်...။



မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြတဲ့ ရုပ်ရှင်ကားမှာ မြန်မာပြည် ရှုခင်းပါတာ ဘာမှမဆန်းဘူး ထင်ရပေမယ့် နိုင်ငံခြား တိုင်းပြည်တစ်ခု၊ နိုင်ငံခြားသားအများကြားမှာ ခပ်ကုပ်ကုပ်လေး ကြည့်နေမိတဲ့ ကျွန်တော့်အတွက်တော့ ငွေရောင်ပိတ်ကားထက်မှာ သာယာလှပသော အမိနိုင်ငံအတွက် ဂုဏ်ယူစိတ်၊ လွမ်းဆွတ်စိတ်၊ ဝမ်းနည်းစိတ်များ ရောပြွမ်းပြီး မျက်ရည်ဝဲခဲ့မိပါတယ်....

'They Lady' ကျွန်တော့်ကို စတင် စိတ်လှုပ်ရှားစေခဲ့ပါပြီ...

ဗိုလ်ချုပ် လုပ်ကြံခံရတဲ့ အခန်းကတော့ ကျွန်တော့ကို စိတ်ပျက်စေခဲ့ပါတယ်၊ နိုင်ငံခေါင်းဆောင်တွေ လုပ်ကြံခံရတာကို ပြတဲ့ ပြကွက်က ဓါးပြတိုက်ပြီး လူပါသတ်သွားသလို ပုံစံဆန်နေပါတယ်။ ဗိုလ်ချုပ်ကို ပစ်သတ်ခါနီးမှာ ဗိုလ်ချုပ်က သတ်ရင်လဲသေမယ်ကွာ ဆိုတဲ့ပုံစံမျိုးနဲ့ မျက်စိစုံမှိတ်လိုက်တဲ့ အခန်းက တော်တော် ယုတ0x081တိမဆန်ပါဘူး။

ဒါပေမယ့် ဒါရိုက်တာက ဒီအခန်းကို ရုပ်ရှင်သဘောအရ နောက်လာမယ့် အခန်းမှာ ချိပ်ချင်လို့ ရိုက်ပြခဲ့တယ်လို့ ယူဆမိပါတယ်။

ထားတော့ ဒီဇာတ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဇာတ်မို့ ဗိုလ်ချုပ်က မပါမဖြစ်ပါရတာ ဒီတော့ ဇာတ်ရံပေါ့ (ဖော့ရိုက်ထားတဲ့သဘော)။

နောက်တစ်ခန်းအကူးမှာ
'၁၉၉၇ ခုနှစ်'

Michael Aris London မှာ ကင်ဆာရောဂါ ခံစားနေရချိန် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာပြည်မှာ အထိမ်းသိမ်းခံနေရချိန် ကာလ၊ NLD စတင် တည်ထောင်ချိန်ကာလက ပါတီဝင်များနဲ့အတူ ရိုက်ကူးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို 'Michel Aris' က ပြန်ကြည့်ရင်း မြန်မာ့နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်လမ်း စတင်ပါတော့တယ်။

'၁၉၈၈ခုနှစ်'

မိခင်ဖြစ်သူ ဒေါ်ခင်ကြည် မကျန်းမမာဖြစ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခိုက် တိုက်တိုက်ဆိုင်ဆိုင် အရေးအခင်းကာလနဲ့ ကြုံတွေ့ရပြီး သူမရဲ့မျက်စိအောက်မှာ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေ ရက်ရက်စက်စက် ညှင်းပန်း နှိပ်ကွပ်ခံရမှုတွေ တွေ့မြင်ရပြီး၊ ကျောင်းသားနဲ့ တက0x081ကသိုလ်ဆရာများရဲ့ ပန်ကြားချက်၊ သူမကိုယ်တိုင်ရဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များနဲ့ မြန်မာပြည်သူအတွက် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာခဲ့ပုံတွေက ကျွန်တော် ဝါးတားတားသာ သိခဲ့ရတဲ့ အမေစုရဲ့ အကြောင်းတွေကို ပီပီပြင်ပြင် သိလာရလို့ ကျွန်တော့ ရင်တွေ လှိုက်ခုန် မောနေခဲ့တယ်။

'Michelle Yeoh' ရဲ့ ကြိုးစားအားထုတ်မှုကလဲ အံ့မခန်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ရွှေတိဂုံဘုရားမှာ ပြုလုပ်တဲ့ တရားပွဲ ဇာတ်ဝင်ခန်းမှာ အမေစုရဲ့ လေယူ လေသိမ်း ဟန်ပန်အတိုင်း အနီးစပ်ဆုံးနဲ့ Dialogue အားလုံးကို မြန်မာလို ပြောသွားနိုင်ခဲ့ပါတယ်။

ကျွန်တော့် အာရုံမှာ 'Michelle Yeoh' ဟာ လုံးဝကို အမေစု ဖြစ်သွားခဲ့ပါပြီ။

အမေစုက ရှေ့မှာတရားဟောတယ် နောက်မှာ အားပေးထောက်ခံသူ ကျောင်းသား ပြည်သူတွေ အဖမ်းခံရတယ်။ ထောင်ထဲမှာ ညှင်းပမ်းတယ် ပေါ်တာပို့တယ်၊ သူတို့ အတွက် အမေစု အစာငတ်ခံ ဆန0x081ဒပြတယ်...

ဒီကားကို ကြည့်နေရင်း ကျွန်တော် ကြေကွဲနေပြီ၊ ကျွန်တော့ဘေးခုံက တရုပ်အမျိုးသမီးကြီးဆိုရင် လက်ကိုင်ပဝါနဲ့ မျက်လုံးကို မကြာခဏ တို့နေတာ သတိထားမိလိုက်ပါတယ်။

အရှေ့မှာ တောက်လျှောက် ဝမ်းနည်းလာခဲ့တဲ့ ခံစားချက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အမေစု အနိုင်ရတဲ့အခန်းက ကျွန်တော့အတွက် ဇာတ်ရှိန်အမြင့်ဆုံး...

ကျွန်တော့ ပါးပြင်တွေကို ပူနွေးစေခဲ့ပြီ...။

ဇာတ်ကားတစ်ကားလုံးက သရုပ်ဆောင်တွေ တော်ကြပါတယ် မြန်မာ စစ်ဗိုလ်ချုပ်၊ စစ်သား အဖြစ်သရုပ်ဆောင်ကြတဲ့ မျက်နှာသစ် မြန်မာ သရုပ်ဆောင်များ အားလုံး ချီးကျူးစရာကောင်းပါတယ်။

မှတ်မှတ်ရရ ဒီကားမှာ ပြုံးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းဆိုလို့ အမေစုရဲ့ စန0x081ဒယားတီးသံ အိမ်ထဲက ပံျ့လွင့်လာချိန် ခြံထောင့် ကင်းတဲမှာ ကျားထိုးနေတဲ့ အစောင့်စစ်သား တစ်ယောက်က “အဲဒါ ဘာသံလဲ” လို့မေးတော့ အခြားတစ်ယောက်က “မြူးဇစ်စ်” (music) လို့ မပီမသပြောလိုက်တဲ့ အခန်းလေးပါ။

'The Lady' ဇာတ်ကားကို တစ်ကားလုံး သေချာ ကြည့်ပြီးတဲ့ နောက်မှာ ကျွန်တော် တစ်စုံတစ်ခုကို သတိထားမိခဲ့တယ်.... အမေစုရဲ့ ခင်ပွန်းဖြစ်သူ 'Michel Aris'...

အမေစု ကျွန်တော်တို့ မြန်မာပြည်သူတွေ အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပါရမီဖြည့်ဆည်းပေးခဲ့တာကို တွေ့ခဲ့ရတယ်၊ အမေစု စွန့်လွှတ် အနစ်နာခံခြင်း နည်းတူ မိသားစုဘဝတွေ ရင်းနှီးပေးဆပ်ခဲ့တယ်။
ကျွန်တော်တို့ မသိနိုင်ခဲ့တဲ့ အကြောင်းအရာ အခိျု့(ဘယ်လိုဟာမျိုးတွေလဲ ဆိုတာကတော့ ဒီဇာတ်ကား ကြည့်ရင် သိနိုင်ပါလိမ့်မယ်)။


နောက်တစ်ခု အံ့သြမိတာက သားနှစ်ယောက်ဖြစ်တဲ့ 'Alexander Aris' နဲ့ 'Kim Aris' တို့ကို မြန်မာနိုင်ငံသား ခံယူနိုင်ဖို့ 'Michael Aris' ကြိုးစားခဲ့သော်လည်း မြန်မာနိုင်ငံဘက်က (not eligible for Myanmar citizen) ဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒီအခန်းကိုကြည့်ပြီး ကျွန်တော် ပြုံးမိတယ်၊ နိုင်ငံခြားမှာ အပြီးတိုင် နိုင်ငံသားခံယူသွားသော၊ ခံယူဖို့ အသည်းအသန် ကြိုးစားနေကြသော မြန်မာတွေ အတွက်ပေါ့။

ဇာတ်ကားပြီးတော့ အများအနှောင့်အယှက်ဖြစ်မှာ စိုး၍တစ်ချိန်လုံး ထိန်းထားခဲ့တဲ့ ဆန0x081ဒအတိုင်း....
ကျွန်တော် မတ်တပ်ရပ်လျှက် အားရပါးရ လက်ခုပ်တီးလိုက်ပါတော့တယ်... နောက်မှာလဲ လက်ခုပ်သံ အခိျု့ကပ်ပါလာခဲ့ပါတယ်....

သြော်.... စင်ကာပူမှာ ငါ့လို ခံစားချက်နဲ့လူတွေ အများကြီးရှိနေပါလားလို့....

အမေစု အကြောင်းကို စာအုပ်ဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အခြားနည်းကြောင့်ပဲဖြစ်ဖြစ် အကုန်သိပါတယ် ဆိုတဲ့ မိတ်ဆွေများ ရှိရင် ဒီကားကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ အဲဒိ အထဲမှာ မိတ်ဆွေ မသိသေးတဲ့ အမေစု အကြောင်း တစ်ခုလေးဖြစ်ဖြစ် ကျိမ်းသေ တွေ့ရှိနိုင်ပါလိမ့်မယ်။

'Michelle Yeoh' သရုပ်ဆောင်ချက်တွေက ပရိဿတ်ကို သိစေချင်တဲ့ အမေစုရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်၊ တိုင်းပြည်နဲ့ မိသားစု လွန်ဆွဲခဲ့ရတဲ့ ခံစားချက်များကို ပေါ်လွင်စေပါတယ်။
ကျွန်တော် ယုံကြည်ပါတယ်လေ ရုပ်ရှင်ထဲက အမေစုထက် အပြင်က အမေစုက တိုင်းပြည်နဲ့ လူမျိုးအတွက် ပိုမို ရဲရင့်ပြတ်သားတယ်ဆိုတာ...

'The Lady' ဖြစ်တည်လာခြင်း

၁၉၉၀ အစောပိုင်း ကာလ Andy Harries (Producer) တို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ရောက်ရှိခဲ့ခြင်းက စလို့ ဒီဇာတ်လမ်းလေးဖြစ်ဖို့ အခြေတည်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ “Freedom from Fear”လို့ အမည်ပေးထားပြီး "The Lady" ဖြစ်လာမယ့် ဒီဇာတ်ညွှန်းကို စတင်ရေးသားခဲ့ပါတယ်။Michelle Yeoh ကို သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းတော့ ဒေါ်အောင်ဆန်းစုကြည် နေရာက သရုပ်ဆောင်ဖို့ ဆန0x081ဒ အမြဲရှိနေလို့ သူမအနေနဲ့ အရမ်းကို ဝမ်းသာ ပီတိ ဖြစ်ခဲ့ရပါတယ်လို့ ဆိုပါတယ်။

အမေစု၏ ခင်ပွန်းဖြစ်သူ 'Michael Aris' ထံမှ ကြားသိရသော ဇာတ်လမ်းကို ဥရောပသား အမြင်နဲ့ ရေးသားထားသော ဇာတ်ညွှန်းကို 'Michelle Yeoh' ရဲ့ အာရှတိုက်သား အမြင်နဲ့ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

'Michelle Yeoh' အဆက်အသွယ်နှင့် ပြင်သစ် ဒါရိုက်တာ Luc Besson က ဒီဇာတ်လမ်းကို 'The Lady' အဖြစ် ပုံဖော်ပြီး 'Europa Corp' က ထုတ်လုပ်ခဲ့ပါတယ်။

ပြင်သစ် ဒါရိုက်တာ Luc Besson ရဲ့နာမည်ကို ကျွန်တော်တို့ ရင်းနှီးချင်မှ ရင်းနှီးပေလိမ့်မည်၊ သို့သော် သူ၏ ဇာတ်ကား အခိျု့ကတော့ ကျွန်တော်တို့ကို စွဲလန်းစေခဲ့ဖူး၏....

1.The Fifth Elements
2.Taxi
3.Transporter
4.Kiss of the Dragon (Jet Li)
5.The Professional
6.Nikita ...

လာမယ့် Academy Awards မှာ "The Lady" အတွက် အနည်းဆုံး ဆုတစ်ဆုတော့ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်နေမိပါတယ်။

မြန်မာပြည်ကို ချစ်တဲ့ မြန်မာလူမျိုးဖြစ်ပြီး အခြေအနေပေးခဲ့မယ်ဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်စမ်းပါတယ်...

'The Lady'



သဘောထားခြင်း တိုက်ဆိုင်မှုမရှိခဲ့လျှင် လွပ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်....
စေတနာများစွာဖြင့်.....

Facebook Comments

0 comments :

Post a Comment