ပုံပြင်တွေကို ကလေးဘဝမှာ အားလုံးနီးပါး နားထောင်ဖူးကြပါလိမ့်မယ်၊ ပုံပြင်တွေတိုင်းမှာ အနှစ်သာရ အဓိပ္ပါယ်တွေ အသီးသီး ရှိနေတတ်ကြပါတယ်။ ကျွန်တော်လည်း ငယ်ငယ်က ပုံပြင်တွေ နားထောင်ရတာ၊ ပုံပြင်စာအုပ်တွေ ဖတ်ရတာ အတော်နှစ်သက်ခဲ့ပါတယ်၊ အချို့  ပုံပြင်တွေဆိုရင် ခုထိအလွတ်ရနေတုန်းပါပဲ.... ဒါပေမယ့် အဲဒီပုံပြင်တွေကို ပုံပြင်အဖြစ် ဒဏ္ဍာရီတွေ အဖြစ်နဲ့ သာ ပေါ့ပေါ့ပါးပါးပဲ သဘောထားခဲ့ပါတယ်... အခုတော့ အဲဒီ ပုံပြင်တွေထဲက ပန်းသီးပုံပြင်တွေက ကျွန်တော့်ရဲ့  လက်ရှိ ခံစားချက်တွေနဲ့  ပက်သက် ဆက်နွယ်လာစေခဲ့ပါပြီ.... သိပြီးသားဖြစ်ပေမယ့် ပုံပြင် နှစ်ပုဒ်ကို ကျွန်တော် အမြည်း သဘောလေး ပြန်ပြောပါရစေ.... ပန်းသီးပုံပြင် (၁) ဟိုးးး ရှေး ရှေးတုန်းက.... တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့  မိဖုရားကြီး ကနေ အင်မတန် ချစ်စရာကောင်းတဲ့ သမီးတော်လေးတစ်ပါး ဖွားမြင်သတဲ့... သမီးတော်လေး အရွယ် မရောက်ခင်မှာပဲ မိဖုရားကြီး ကံတော်ကုန် ကွယ်လွန်သွားပါတယ်။ ဒီအခါမှာ ဘုရင်ကြီးက နောက်ထပ် မိဖုရားတစ်ပါး ထပ်မြှောက်ပါတော့တယ်၊ အဲဒီ မိဖုရားကြီးက အင်မတန် ချောမောလှပ ပေမယ့် စုန်းမကြီး တစ်ယောက် ဖြစ်နေတာကိုတော့ ဘယ်သူမှ မရိပ်မိ မသိရှိကြပါဘူး။ သူဟာ Snow White လေးအပေါ်မှာ မိထွေးပီပီ ကျွန်တစ်ယောက် သဖွယ်သာ ပြုမူဆက်ဆံလေ့ရှိပါတယ်။ သူ့ မှာ ထူးဆန်းတဲ့ မှော်ကြေးမုံ မှန်ချပ်ကြီး တစ်ချပ်ရှိပြီး နေ့ တိုင်း နေ့ တိုင်း အဲဒီ မှန်ကြီးကို ကြည့်ပြီး "ဒီမြေပေါ်မှာ ဘယ်သူ အလှဆုံးလဲ" လို့  မေးလေ့ရှိပါတယ် ဒီအခါမှာ မှန်ကြီးကလဲ "မိဖုရားကြီးသာ အလှဆုံးပါ" လို့  ပြန်ဖြေလေ့ ရှိပါတယ်။ ဒီလိုနဲ့  Snow White လေး အရွယ်ရောက်လာတဲ့ တစ်နေ့ မှာ မိဖုရားကြီးက ခါတိုင်းလိုပဲ သူ့ ရဲ့  ကြေးမုံမှန်ချပ်ကြီးကို မေးသတဲ့၊ အမှန်ကိုသာ ဖြေကြားလေ့ရှိတဲ့ မှန်ချပ်ကြီးကလည်း ဒီတစ်ကြိမ်မှာတော့ "Snow White သာအလှဆုံးပါ" လို့  ပြန်ဖြေပါတယ် ဒီအခါမှာ မိဖုရားကြီးက သူ့ နားကို သူမယုံလို့  အကြိမ်ကြိမ် ထပ်မေးပေမယ့် ကြေးမုံပြင်ကြီးက "Snow White သာအလှဆုံး" လို့  သာပြန်ဖြေခဲ့ပါတယ်။ မိဖုရားကြီး ယမ်းပုံမီးကျ ဖြစ်ပြီး အာဏာပါးကွပ်သားတွေကို Snow White လေးကို သတ်ဖို့  အမိန့် ပေးလိုက်တော့တာပေါ့။ ပါးကွပ်သားတွေက Snow White လေးကို သတ်ဖို့  တောထဲကို ခေါ်သွားပါတော့တယ်။ တောထဲကို ရောက်တဲ့အခါမှာ စိတ်ကောင်းရှိတဲ့ ပါးကွပ်သားက Snow White လေးကို မသတ်ရက်ပဲ ပြေးခိုင်းတော့တာပေါ့..... (ခပ်တိုတိုပဲ ပြောကြရအောင်...) မိဖုရားကြီး ကတော့ Snow White သေပြီထင်ပြီး ကြေမုံပြင်ကို ထပ်မေးတဲ့ အခါမှာ "Snow White သာအလှဆုံး" လို့  ပြန်ဖြေနေတဲ့ အတွက် မသေ သေးဘူးဆိုတာ သိသွားသတဲ့။ ဒီလိုနဲ့  တောထဲလိုက်လာပြီး လူပုလေးတွေနဲ့  ပျော်ရွှင်စွာ နေထိုင်နေတဲ့  SnowWhite ကို အဖွားအို ယောင်ဆောင်ပြီး အဆိပ်သွင်းထားတဲ့ ပန်းသီးလေး တစ်လုံးကို ပေးလိုက်ပါတယ်.... Snow White လေးဟာ စုန်းမ အဖွားအိုပေးလိုက်တဲ့ ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ချိန်မှာပဲ အဆိပ်တက်ပြီး မေ့မျော အိပ်ပျော်သွားပါတော့တယ်... ဒီလိုနဲ့  Snow White လေးဟာ အချိန်တော်ကြာ မေ့မျော အိပ်ပျော်နေခဲ့ပြီး မင်းသားလေး တစ်ပါးရဲ့  အနမ်းနဲ့  မှပဲ အဆိပ်ပြယ်ပြီး ပြန်လည် နိုးထလာနိုင်ခဲ့ပါတယ်... ဒါက ပုံပြင် - ၁ ပါ.... နောက်ထပ် ပြောပြမယ့် အကြောင်းအရာ ကတော့ ခရစ်ယာန် သမ္မာကျမ်းစာနဲ့  ဆက်စပ်မှု ရှိနေလို့  ပုံပြင်လို့  ခေါင်းစဉ်တပ်ထားတဲ့ အပေါ် အငြင်းမပွားစေလိုပါ၊ ဆောင်းပါး ခေါင်းစဉ်နဲ့  ညီစေလိုသော ရည်ရွယ်ရင်းသာ ဖြစ်လို့  နားလည် ပေးကြစေလိုပါတယ်... ပန်းသီးပုံပြင် (၂) ဤကမ္ဘာမြေကြီးကို ဘုရားသခင် ဖန်ဆင်းပြီးနောက် ပထမဆုံး လူသားအဖြစ် "အာဒမ်" ကို ဖန်ဆင်းပါတယ်၊ "အာဒမ်" တစ်ယောက် အဖော်ရအောင် သူ့ ရဲ့  နံရိုးတစ်ချောင်း နဲ့ ပဲ "ဧဝ" ကို ထပ်မံ ဖန်ဆင်းပေးခဲ့ပါတယ်... ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ "ဧဒင်" ဥယျာဉ်ကြီးထဲမှာ စားစရာ သောက်စရာ အလျှံအပယ်နဲ့  ပြည့်စုံစေပါတယ် ဒါပေမယ့် ဘုရားသခင်က မစားရဖူးလို့  တားမြစ်ထားတဲ့ ပန်းသီးပင်ကြီး တစ်ပင်တော့ရှိပါတယ်။ တစ်နေ့ တော့ စေတန်နတ်ဆိုး ရောက်လာပြီး "ဧဝ" ကို ဒီအသီးဟာ အလွန်အရသာရှိလို့  ခူးစားဖို့  ဖြားယောင်း စည်းရုံးပါတော့တယ်။ အယုံလွယ်တတ်ပေမယ့် ချစ်သူကို ဦးစားပေးတတ်တဲ့ မိန်းမတို့  သဘာဝ... စေတန်နတ်ဆိုး ရဲ့  အဆိပ်ဖြည့်ထားပြီးသား ခူးယူလာတဲ့ ပန်းသီးကို "အာဒမ်" ကို အရင် ကျွေးပါတယ်။ ဘုရားသခင်က တားမြစ်ထားတဲ့ အသီးမှန်းသိပေမယ့် မယားစကားကို မလွန်ဆန်နိုင်တဲ့ ယောင်္ကျား သဘာဝ... "အာဒမ်" ပန်းသီးကို တစ်ကိုက် ကိုက်စားလိုက်ပါတယ်... တစ်ကယ့်ကို တစ်ကိုက်ထဲပါ..... ဒါပေမယ့် အဲဒီပန်းသီးဟာ ဝမ်းဗိုက်ထဲကို လျှောလျှော ရှုရှု မရောက်ပဲ လည်ချောင်း ထဲမှာတင် ထာဝရ တစ်ဆို့  နေပါတော့တယ်။ (အဲဒါကြောင့် လည်ဇလုတ် ဟာ ယောင်္ကျားသားတွေမှာသာ ထင်ထင်ရှားရှား ရှိနေပြီး ဒါကို "Adam's Apple" လို့ လည်းခေါ်ပါတယ်) ဒီဖြစ်စဉ်ကြောင့် ဘုရားသခင်က မိန်းမမှန်ရင် သားဖွားခြင်း ဆင်းရဲ ဝေဒနာ ခံရစေပြီး ယောင်္ကျားတွေတော့ နဖူးကချွေး ခြေမကျအောင် လုပ်ကိုင်ရှာဖွေ ကျွေးမွေးစေလို့  ပြဌါန်းလိုက်ပါတယ်။ အဆုံးမှာတော့ ဧဒင်ဥယျာဉ်ကြီးလဲ ကွယ်ပျောက်ခဲ့ပါတော့တယ်... ဒီပုံပြင်တွေကတော့ ဒဏ္ဍာရီထဲက ပန်းသီးပုံပြင်တွေပဲ ဖြစ်ပါတယ်။ တစ်ကယ့် ပန်းသီးပုံပြင်က..... ၂၀၀၆ ခုနှစ်ကုန်ပိုင်း ကျွန်တော် စင်ကာပူ စရောက်တော့ Apple ရဲ့  iPhone ဆိုတာ မပေါ်သေးပါဘူး (ပထမဆုံး iPhone June 2007)။ "Amoi" ဆိုတဲ့ ခေါက်ဖုန်းလေးကို Pre paid card နဲ့  သုံးနေခဲ့ပါတယ်။ အားလပ်ချိန်တွေဆိုရင် ရုပ်ရှင်တွေကြည့်၊ အားကစားအနေနဲ့  ခြင်းခတ် တစ်ခါတစ်ရံ ဘောလုံးကန်၊ ဘုန်းကြီးကျောင်း ဆွမ်းကပ်၊ မိသားစုနဲ့  Internet မှာ စကားပြော၊ ကြုံကြိုက်ရင် လူမူရေးပွဲလေးတွေမှာ မှတ်တမ်း ဗွီဒီယိုလေးတွေ လိုက်ရိုက်ပေးနဲ့  Life က တော်တော်လေး ရစ်သမ် မိနေခဲ့ပါတယ်.... အဲဒါတွေ အားလုံးက ၂၀၀၉ ခုနှစ် ကျွန်တော် ပန်းသီးတစ်လုံးကို မကိုက်မိချိန် အထိပေါ့.... ၂၀၀၉ ခုနှစ် လိုင်းနဲ့  ပန်းသီးတစ်လုံး စကိုက် လိုက်မိချိန်မှာ "အာဒမ်" လို မထွေးနိုင် မအန်နိုင် အဖြစ်မျိုးနဲ့  ပန်းသီးကမ္ဘာထဲမှာ "Snow White" လို အိပ်ပျော် နေခဲ့တယ်။ ရိုးရိုးတန်းတန်းတော့ မဟုတ်ဘူး ဘုရားသခင်က "အာဒမ်" ကို ဒဏ်ခတ်ခဲ့သလိုမျိုး နေ့ စဉ် သိချင်တာတွေကို ရှာဖွေနေခဲ့မိတယ်... Cydia ဆိုတာ နားလည်ဖို့  အချိန် နှစ်ရက်လောက် ပေးလိုက်ရတယ် (အဲဒီတုန်းက မြန်မာလို ဖတ်စရာ iPhone site မရှိသေး)။ ရှိပြီးသား personal blog ဖြစ်တဲ့ moethagyar.blogspot.com မှာ သိပြီးသားတွေ မမေ့အောင် မှတ်စုတင်တယ်။ လားလားးး... သိချင်စရာတွေချည်းပါလား... ဆားငန်ရေလို သောက်လေ ငတ်မပြေဖြစ်ခဲ့ရတယ်။ "မိုးသိကြား" ကို ဖတ်တဲ့ ပရိဿတ်ရှိလာတော့ စိတ်ထဲမှာ အလိုလို တာဝန်ရှိလာတယ်၊ ကိုယ်သိချင်တာတွေရော သူများသိလိုတာတွေပါ လေ့လာ စမ်းသပ်၊ လုပ်ကိုင် တင်ပြရင်း ပုံမှန် သွားနေကျ ရစ်သမ်တွေ ပျက်ယွင်းလာတယ် သိသိသာသာ ပျက်လာတာကတော့ "အိပ်ရေး" ပါပဲ။ Media background လာသူ ကျွန်တော့ အတွက်တော့ iOS ဟာ နယ်ပယ်သစ်ပါ၊ မသိသေးတဲ့ အကြောင်းရာသစ်တွေကို လေ့လာတင်ပြရင်း Domain တစ်ခု ဝယ်ဖြစ်သွားတယ်။ (.info) အဖြစ် သတ်သတ်မှတ်မှတ် လုပ်လာတော့ အသစ်တွေကို အမြဲတမ်းနီးပါး တင်နိုင်အောင် ကြိုးစားရပြန်ပါတယ်။ ဒီလိုနဲ့  ခုဆိုရင် moethagyar.info အနေနဲ့  သက်တမ်း နှစ်နှစ် ရှိလာခဲ့ပါပြီ။ ရေးသားလာခဲ့တဲ့ အကြောင်းအရာတွေလည်း စုံသလောက်ရှိလာခဲ့ပါပြီ။ iPhone တစ်လုံး အသုံးချနည်းအတွက် မူလတန်းကျောင်း အဆင့်လေးလောက်တော့ "moethagyar.info" မှာ သင်ရိုးတွေ စုံလင်နေပြီလို့  ယုံကြည်မိပါတယ်... အခုတော့ ကျွန်တော့်ကို ပန်းသီးကမ္ဘာထဲမှာ မွေ့ လျှော်စေခဲ့တဲ့ မှော်ဆရာကြီး "Steve Jobs" လည်း မရှိတော့ပါဘူး၊ ပန်းသီးကျိန်စာ ပြယ်စပြုနေတဲ့ ကျွန်တော့်ကို မှော်ဆရာလက်သစ် "Tim Cook" ကလည်း အိပ်မွေ့  မချနိုင်တဲ့ အပြင် လန့် တောင်နိုးစေခဲ့ပါပြီ။ ကျွန်တော်တို့  အမြဲတမ်း အဖြေရှာနေခဲ့ကြတဲ့ Apple Logo ပန်းသီး ပဲ့နေရခြင်း အကြောင်းရင်းကိုတော့ ကျွန်တော်သိလိုက်ရပါပြီ်.... အဲဒါ.... "ပိုးစားသွားလို့ လည်းမဟုတ်ဘူး၊ Samsung က ဖဲ့ယူသွားတာလဲ မဟုတ်ပါဘူး" "ကျွန်တော်တို့  ကိုယ်တိုင် တစ်ကိုက်စီ ကိုက်ထားမိကြလို့ ပါပဲ...."။ အခုဆိုရင်.... ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူး.... ကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍...... ကျွန်တော့်မှာ ပန်းသီး တစ်လုံး ရှိနေသ၍..... ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ.... ဒါပေမယ့် အရင်လို ရှုးရှုးမူးမူးတော့ မဟုတ်ဘူး..... ခပ်ပါးပါးပေါ့ ......... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
ကျွန်တော် လဲ bro blog ကို အမြဲဖတ်ဖြစ်တယ်
ReplyDeleteBro သိသမျှကကို ပြန်ပြီ share ပေးတဲ့ အတွက်thankပါ။bro ရဲ blog ကို အမြဲအားပေလျက်ပါ။
ReplyDeleteခုလို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
Deleteကျွန်တော်အကိုရဲ့ blog ကိုနေတိုင်ဝင်ကြည်ဖြစ်ပါတယ်ဘာတွေများအသစ်တင်ထားလဲဆို. ပြီးအကိုသိတဲပာာတွေကိုshar ပေးတဲ့အတွက်ကျေးဇူးပါဘဲကျွန်တော်လည်အကိုblogကိုဖတ်မှဘဲ.iPhone အကြောင်းနည်းနည်းသိလာတာအရင်ကဆို iOS upgrade လုပ်ရင်တောင်ဆိုင်ပြေးပြေးနေရတယ်jbဆိုဝေးရော။အကို အခုထွက်တဲ့iOS 6နဲ့ iPhone 5ပေါ်ဘယ်လိုမြင်သလဲတချိုကအရင်အသစ်ထွက်သလောက်မကောင်းဘူးပြောနေကြတယ်အကိုကောဘယ်လိုမြင်သလဲအခုထွက်နေတဲ့note 2 နဲ့ ကောဘယ်သူသာသလဲအကို
ReplyDeleteiOS 6 က processor အမြင့်တွေအတွက် ရည်ရွယ်လိုက်တာဖြစ်လို့  အနိမ့်သမားတွေ Update လုပ်နိုင်ပေမယ့် အဆင်မပြေ ဖြစ်ကြတာပေါ့။ Hardware Requirement လိုတဲ့ သဘောပါပဲ။ iPhone 5 ကို Design မပြောင်းသွားလို့  သိပ်တော့ မခိုက်လှဘူး၊ မြန်နှုန်းမြင့်လာတာကတော့ အားရစရာကောင်းပါတယ်....
Delete