Thursday, September 10, 2015

Apple Event မှ သိဖွယ်ရာများ

စက်တင်ဘာ ၉ရက်၊ ၂၀၁၅ မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ Apple Event မှာ ကုန်ပစ္စည်းအသစ် တို့ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒီပွဲမှာ Apple အနေနဲ့ ဟိုးအရင်ထဲက ကောလာဟလ အဖြစ် သုံးစွဲသူတွေ ကြားထဲမှာ ပျံ့နှံ့နေခဲ့တဲ့ ကုန်ပစ္စည်းနှစ်မျိုးကိုလည်း တရားဝင်ကြေငြာပေးလိုက်ပါပြီ။

ပြန်လည်ဆန်းသစ်ထားတဲ့ Apple TV နဲ့ laptop နီးပါးလောက် ကြီးမားတဲ့ iPad Pro တို့ဖြစ်ပါတယ်။ 12.9-inch ရှိတဲ့ iPad Pro ကို Microsoft ရဲ့ Surface ဈေးကွက်လိုမျိုး Apple သမားတွေရဲ့ လိုအပ်ချက်ကို လိုက်ဖြည့်တဲ့ သဘောလို ယူဆမိပါတယ်။ Apple TV ကိုတော့ Reomte control ဒီဇိုင်းအသစ်နဲ့အတူ Siri အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် အသစ်တို့ကိုပါ ထပ်မံဖြည့်စွက်ပြီး အဆင့်မြှင့်တင်ထားပါတယ်။ Apple TV ကိုတော့ အောက်တိုဘာလမှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး iPad Pro ကတော့ နိုဝင်ဘာလမှာ ထွက်လာပါလိမ့်မယ်။

iPhone model အသစ်ဖြစ်တဲ့ iPhone 6S နှင့် iPhone 6S Plus နှစ်မျိုးလုံးကတော့ iPhone 6, 6 Plus တို့နဲ့ ဒီဇိုင်း ဆင်တူသော်ငြားလည်း ပိုမိုကောင်းမွန်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ပြန်လည်မွမ်းမံထားပြီး ပိုမိုစုံလင်တဲ့ "3D touch" interface တို့ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် 'tap' လုပ်တဲ့ ပုံစံပေါင်း သုံးရာနီးပါလောက် ကျွန်တော်တို့ အသစ် လေ့လာကြရဦးမှာ ဖြစ်ပါတယ်...။

iPad Pro ရဲ့ ထူးခြားတဲ့အရွယ်အစား

iPad Pro ရဲ့ အရွယ်အစားဟာ iOS device တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ပါတယ်။ 12.9-inch အရွယ်အစားရှိပြီး virtual keyboard ကလည်း ဆိုဒ်အပြည့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်၊ ဒါ့အပြင် တစ်ကယ် ကီးဘုတ် (physical keyboard)၊ အီလက်ထရောနစ် ကညစ်တံ (stylus) တို့နဲ့ ချိပ်ဆက် အသုံးပြုနိုင်တဲ့ ပထမဆုံး iPad လည်း ဖြစ်လာပါတယ်။

A9X memory chip အသုံးပြုထာပြီး iPad Air 2 မှာ တပ်ဆင်ထားတဲ့ A8X chip ထက် ၁.၈ဆ ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နိုင်ပါတယ်။ ဒီမြန်ဆန်မှုဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က တင်ပို့ခဲ့တဲ့ ၈၀% သော laptop တွေထက် သာလွန်ပါတယ်လို့ Apple က ပြောဆိုပါတယ်။ iPad Pro မှာ စပီကာ ၄လုံး ပါရှိပြီး သုံးစွဲသူရဲ့ iPad ကို ကိုင်ထားတဲ့ အနေအထားပေါ်မှုတည်ပြီး audio balance ကို အလိုလျှောက် ချိန်ညှိပေးသွားပါလိမ့်မယ်။ ၁၀နာရီကြာ ခံမယ့် ဘက်ထရီသက်တမ်းနဲ့ 5.6 million pixels နဲ့ ဖွဲစည်းထားတဲ့ iPad မျက်နှာပြင်ဟာ သာမန် laptop နဲ့ အခြား ကီးဘုတ်ပါ တွဲသုံးဘို့ ရပါတယ် ဆိုတဲ့ tablet တွေလောက်ကိုတော့ အေးဆေး ယှဉ်နိုင်ပါလိမ့်မယ်..။

Microsoft နှင့် Adobe ကုမ္ပဏီကိုလည်း Apple က စင်ပေါ်သို့ ဖိတ်ခေါ်ခဲ့ပြီး iPad Pro အတွက် ရည်ရွယ်ထားတဲ့ သူတို့ရဲ့ iOS apps တွေကို သရုပ်ပြသစေခဲ့ပါတယ်။ Adbe က stylus ကိုအသုံးပြုပြီး ဓါတ်ပုံတွေကို လျှင်မြန်လွယ်ကူစွာ ပြုပြင်နိုင်မယ့် "Photoshop Fix" ကိုမိတ်ဆက်ပြီး၊ Microsoft က PowerPoint မှာ stylus ink ကနေ objects တွေ ရေးဆွဲနိုင်ကြောင်း ပြသသွားခဲ့ပါတယ်..။
iPad Pro ရဲ့ ဈေးနှုန်းတွေကတော့ 32GB အတွက် US$799, 128GB အတွက် US$949 ဖြစ်ပြီး LTE support 128GB အတွက်တော့ US$1079 ကျသင့်ပါတယ်။ iPad Pro ကို နိုဝင်ဘာလမှာ စရောင်းမှာဖြစ်ပြီး Silver, Gold နဲ့ Space Grey အရောင်သုံးမျိုး ရွေးချယ်နိုင်ပါတယ်..။

Stylus & Keyboard

ပထမဆုံး original iPad ကိုစတင်ချိန်က Stylus(ကညစ်တံ) ကို စတိဗ်ဂျော့ ပစ်ပယ်ကောင်း ပစ်ပယ်ခဲ့ပါလိမ့်မယ်။ သို့သော် အချိန်ကာလ အပြောင်းအလဲ တစ်ခုမှာ Apple အနေနဲ့ iPad Pro အတွက် အနုစိတ်ပုံဆွဲရာမှာ အသုံးပြုစေနိုင်ဖို့ US$99 တန် Apple pencil (Stylus) ကို ထုတ်လာပါတယ်။ Apple အနေနဲ့ third-party designer တွေက ဈေးကွက်လိုအပ်ချက်ကို အရင်ထဲဖြည့်တင်းပေးလာတဲ့ touch pan, pencil ဈေးကွက်ထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
iPad Pro နဲ့ တွဲဖက်အသုံးပြုရတဲ့ နောက်တစ်ခုအနေနဲ့ US$169 တန် Keyboard ကလည်း Microsoft surface keyboard နဲ့ အတော်လေး ဆင်တူပါတယ်။ မည်သို့ပင်ဆိုစေ ထိုအရာအားလုံးက အယူဆအသစ် မဟုတ်ခဲ့ရင်တောင် Apple အတွက်တော့ သူ့ရဲ့ကိုယ်ပိုင် Accessories အသစ်များအဖြစ်နဲ့ iPad Promနှင့်အတူ နိုင်ဝင်ဘာလမှာ ဈေးကွက်ထဲ ရောက်ရှိလာတြေ့မှာ ဖြစ်ပါတယ်။

New Apple TV

သီးခြား OS ဖြစ်တဲ့ tvOS နဲ့ အလုပ်လုပ်တဲ့ Apple TV ဟာ Apple TV 3ထွက်လာပြီးနောက်ပိုင်းမှာ ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ အခုတော့ New Apple TV အနေနဲ့ အသစ်တစ်ဖန် ပြန်လာခဲ့ပါပြီ။
iTunes, Netflix, Hulu, YouTube အစရှိတဲ့ Apps တွေပါဝင်တဲ့ Apple TV မှာ Siri ကို အသုံးပြုပြီး voice search လုပ်နိုင်ပါပြီ။ သီချင်း၊ ရုပ်ရှင် စတာတွေကို Apple TV ရဲ့ remote မှာ ကိုယ်တိုင် လက်ဖြင့် ရှေ့နောက် ပွတ်ဆွဲပြီး ရှေ့နောက် ရစ်/ကျော် နိုင်သလို Siri ကို "၁၅စက္ကန့် ကျော်ပေးပါ" စသည်ဖြင့် နှုတ်က ညွှန်ကြားခိုင်စေနိုင်ပါပြီ။

New Apple TV ဟာ ဂိမ်းစက် (gaming console) အသွင်ကိုပါ ဆောင်လာပြီး ယခင်က ဂိမ်းစက် ပေါ်တွင်သာ ဆော့လို့ရခဲ့တဲ့ "Guitar Hero" လို ဂိမ်းမျိုးကို ပုံစံဒီဇိုင်းအသစ်များဖြင့် Apple TV တွင် မြင်တွေ့ရပါလိမ့်မည်။
အောက်တိုဘာလမှာ ထွက်လာမယ့် New Apple TV မှာ 64-bit A8 processor နဲ့အတူ Bluetooth 4.0 ကို support လုပ်ထားပါတယ်။ 32GB ကို US$149 နဲ့ 64GB အတွက်တော့ US$199 ကျသင့်ပါလိမ့်မယ်..။

iPhone 6S & 6S Plus

ပိုမိုခိုင်ခံ့တဲ့ အလှူမီနီယံအလွိုင်း တပ်ဆင်ထားတဲ့ iPhone 6S နဲ့ iPhone 6S Plus ရဲ့ အရွယ်အစားတွေကတော့ iPhone 6, 6 Plus တို့အတိုင်း ပြောင်းလဲမှုမရှိပါဘူး (6S 4.7, 6S Plus 5.5)..။ သို့ပေမယ့် မှန်မျက်နှာပြင်ကိုတော့ Iron-X နဲ့ ပြုလုပ်ထားပြီး ပိုမိုတောင့်တင်း ခိုင်ခန့်တဲ့ မှန်ကို (Apple Watch Sport) မှာပါတဲ့အတိုင်း တပ်ဆင်ပေးထားပါတယ်။ iPhone အသစ်နှစ်မျိုးလုံးမှာ A9 chip တပ်ဆင်ပေးထားပြီး A8 chip ထက် ၇၀% ပိုမိုမြန်ဆန်စွာ CPU ကို အလုပ်လုပ်နိုင်ပါလိမ့်မယ်။ Graphich ပိုင်းမှာတော့ ၉၀% ပိုမိုမြန်ဆန်လာပါမယ်။ iPhone ရဲ့ အနောက်ဖက် 12-megapixel iSight camera ကနေ နောက်ဆုံးပေါ် 4K video တွေရိုက်ကူးနိုင်ပြီး၊ 5-megapixel front-facing ကင်မရာနဲ့အတူ ပုံမှန် Flash တွေထက် သုံးဆ ပိုလင်းတဲ့ Retina flash တို့ကို upgrade လုပ်ပေးထားပါတယ်။

Silver, Gold, Space Grey နဲ့ Rose Gold အရောင်လေးမျိုး စိတ်ကြိုက်ရွေးချယ်ရှိပါတယ်။ 16GB က စတင်ပြီး storage ပေါ်မှုတည်ကာ iPhone 6S ($199 to $399) နှင့် iPhone 6S Plus ($299 to $499) ထိ သတ်မှတ်ထားပါတယ်။ Pre-order များကို စက်တင်ဘာ ၁၂ မှာ စတင် လက်ခံသွားမှာဖြစ်ပါတယ်။

iOS 9 ကိုတော့ သိပ်မကြာမီ စက်တင်ဘာ ၁၆ ရက်နေ့ လောက်မှာ ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်..။

"Force Touch" "3D Touch"

အများက မျှော်လင့်ထားကြသလို iPhone အသစ်နှစ်မျိုးလုံးမှာ "3D Touch" ပါဝင်လာပြီ ဖြစ်ပါတယ်။ 'Force Touch' ဆိုတာ iPhone မျက်နှာပြင်ရဲ့ ဘယ်နေရာကို ဖိထားတယ်၊ ဘ်ာလောက် အားနဲ့ ဖိထားတယ်ဆိုတာကို iPhone က သိစေနိုင်တာပါ။ one press လုပ်ရုံနဲ့ notigications တွေအားလုံးကို clear လုပ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ '3D Touch' ကတော့ iPhone ရဲ့မျက်နှာပြင်ဟာ ဖိနှိပ်မှုအဆင့် အလွှာအသီးသီးကို ခွဲခြားပေးနိုင်တာပဲ ဖြစ်ပါတယ်။ '3D Touch' ကို အသုံးပြုဖို့ users တွေအနေနဲ့ gestures အသစ်နှစ်ခု "peek" and "pop" ကို သင်ယူရမှာဖြစ်ပါတယ်။ "peek" ဖြစ်စေမယ့် အနေအထားလောက်သာ ဖိပါက App ရဲ့ informations တွေကိုသာ ပြသပေးမှာဖြစ်ပြီး၊ "pop" အနေအထားလောက် နှိပ်လိုက်ရင်တော့ App က ပွင့်သွားမှာဖြစ်ပါတယ်..။ ဥပမာ Mail App ကို ခပ်ဖွဖွလေး ထိလိုက်ရုံနဲ့ preview တွေကို ကြည့်ရှုနိုင်ပြီး ခပ်နာနာလေ ထိလိုက်တဲ့အခါမှာ Mail App ပွင့်သွားတာမျိုးပါ။ third-party App တွေဖြစ်တဲ့ WeChat, Instagram နဲ့ Facebook စသည်တို့မှာပါ 3D Touch အသုံးပြုလာနိုင်အောင် မြှင့်တင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Live Photos Feature

Apple က iPhone ရဲ့အရှိန်အဝါကို ပိုမိုကြွတက်ပီပြင်လာစေဖို့ "Live Photos" လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်းထားပါတယ်။ ဓါတ်ပုံတစ်ပုံကို မရိုက်ကူးခင် iPhone camera ရဲ့ shutter မပိတ်မီ တစ်စက္ကန့်ခွဲစာလောက်ကို Live Photos က ရိုက်ကူး သိမ်းထားမှာဖြစ်ပါတယ်။ တစ်ဖန် ထိုဓါတ်ပုံကို ပြန်လည်ကြည့်ရှု့တဲ့အခါ short video clip အနေနဲ့ ပြန်လည်ပြသပါလိမ့်မယ်။ Live Photos တွေကို Facebook မှာလည်း တင်နိုင်မှာဖြစ်ပါတယ်။

Apple Watch

Apple Watch အတွက် Watch OS 2 ကို စက်တင်ဘာ ၁၆ရက်မှာပဲ ထွက်လာမှာဖြစ်ပြီး native App အသစ်တွေအနေနဲ့ Facebook Messenger , GoPro, Airstrip (medical app) တို့ ပါဝင်လာပါလိမ့်မယ်။

Apple Event တစ်ပွဲလုံးထံမှ Apple ချစ်သူများ သိသင့်သိထိုက်သော ကောက်နုတ်ချက်များမျှသာ ဖြစ်ပါသည်..

မှတ်ချက်။ ။ ဓါတ်ပုံးများကို ထပ်မံ၍ဖြည့်စွက်ပါမည်..။


Credit to : Verge


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Facebook Comments

0 comments :

Post a Comment